မင်းဘူးမြို့၌ RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးဆောက်လုပ်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မင်းဘူး    အောက်တိုဘာ   ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ဘာသာရေးဆိုင်ရာ ပွဲအခမ်းအနားများကို မြို့လယ်တွင် ကျင်းပပြုလုပ်နိုင်ရန်အတွက် RC နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော်ကြီးကို ဆောက်လုပ်သွားမည်ဖြစ်ရာ အဆိုပါ ဗိမာန်တော်ကြီးဆောက်လုပ်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး ၄ ထပ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာ စကားပြောကြားပြီး အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးတင့်ကျော်က အဆောက်အအုံ ဆောက်လုပ်ရာ၌ ကြိုတင်ပြင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ဆွေးနွေးပြောကြားပြီးနောက် သာသနာ့ဗိမာန်တော်ကြီး ဆောက်လုပ်မည့်အဖွဲ့မှ အဆင့်ဆင့်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းဆောင်ရွက်ရာ၌ စက်ယန္တရားလိုအပ်ချက်များကို ဆွေးနွေးတင်ပြသည်။

ထို့နောက် တက်ရောက်လာကြသူများက သာသနာ့ဗိမာန်တော်ကြီး မဆောက်လုပ်မီ အဓိကလိုအပ်သော မီးလိုင်း၊ ရေလိုင်း သွယ်တန်းခြင်းလုပ်ငန်းများ၊ မြေနေရာရှင်းလင်းရေးလုပ်ငန်းများ၊ မြေသန့်မင်္ဂလာ ဆောင်ရွက်မည့်အစီအစဉ်များ၊ ဆောက်လုပ်ရေးလုပ်ငန်း စတင်ဆောင်ရွက်မည့် အခြေအနေများနှင့် အများပြည်သူမှ အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေးဆောင်ရွက်မည့် လုပ်ငန်းအစီအမံများ ရှင်းလင်းတင်ပြမှုအပေါ် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

မင်းဘူးမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ ဆောက်လုပ်မည့် နှစ်ထပ်ဆောင် သာသနာ့ဗိမာန်တော် ကြီးကို မင်းဘူးမြို့ မင်းပူးဦးဩဘာသမြို့နယ်ခန်းမဘေးရှိ မြေနေရာ ၁ ဒဿမ ၅၃ ဧကတွင် ဆောက်လုပ်သွားမည်ဖြစ်ကာ အောက်တိုဘာ ၂၄ ရက်နေ့တွင် မြေသန့်မင်္ဂလာ အခမ်းအနားကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သာသနာ့ဗိမာန်တော်ကြီး၏ အရွယ်အစားမှာ (ပေ ၁၈၀ x ပေ ၉၀) ၃၀၀ ဦးဆံ့ RC နှစ်ထပ်ဆောင် အဆောက်အအုံ အမျိုးအစားဖြစ်ပြီး မြန်မာမှု မြန်မာ့ဟန်များဖြင့် ထည့်သွင်းဆောက်လုပ်သွားဖြစ်ပြီး ယခုလက်ရှိတွင် မြေနေရာရှင်းလင်းရေးလုပ်ငန်းများကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)