လိပ်သို အောက်တိုဘာ ၂၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများအား လူကုန်ကူးခံရသူများ ရရှိနိုင်သော ဆိုးကျိုးများအကြောင်းကို အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီး ကာကွယ်ရေး အသိ ပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦး တစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေလူများကို သိမ်းသွင်းစုဆောင်းခြင်းဖြစ် ကြောင်း၊ လူကုန်ကူးမှု ပြဿနာသည် အာရှနိုင်ငံများ၌ကြီးထွား များပြားလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း လူကုန်ကူးမှု များရှိနေပါကြောင်း၊ လူကုန်ကူး ခံရမှုမှာလည်း ပုံစံမျိုးစုံ၊နည်းလမ်းမျိုးစုံဖြင့် လူကုန်ကူးခံနေကြရ ကြောင်း၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရည်ရွယ်ချက် (၄)ရပ်နှင့် လူကုန်ကူးခံရသူများရရှိနိုင်သော ဆိုးကျိုးများ အကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်စာစောင်တွင် လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးအကြောင်းအရာများ၊ သိမှတ်ဖွယ်ရာများ အကျယ် တဝင့်သိရှိစေရေးအတွက် ပြသဆောင်ရွက်ထားရှိမှုများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူလူငယ်များက ကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)