ကော့ကရိတ်မြို့၌ HPV ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်ထည့်သွင်းခြင်း အသိပေးဆွေးနွေး

ကော့ကရိတ် အောက်တိုဘာ ၂၀

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် HPV သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်း အသိပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန်က ကော့ကရိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ထို့နောက် ကော့ကရိတ်ခရိုင် ဆရာဝန်ကြီး ဒေါက်တာကျော်ထိုက်ဦးက HPV သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ထည့်သွင်းထိုးနှံခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆေးထိုးနှံ မည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုသို့ ရှင်းလင်းဆွေးနွေးရာတွင် ကော့ကရိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကော့ကရိတ်မြို့နယ်အတွင်းရှိ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း မိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး HPV ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်တွင် သားအိမ်ခေါင်းကင်ဆာ (၄) မျိုးစပ် ကာကွယ်ဆေးကို  ထည့်သွင်းထိုးနှံသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အသိပေးဆွေးနွေးပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနု၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဌာနမှူး၊ မိခင်နှင့်ကလေး စောင့်ရှောင်ရေး အသင်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မာအေး