ကဝမြို့နယ်ရုံး လုထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ကဝ အောက်တိုဘာ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ရုံး လုထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူအသင်း (Book Club)တို့ပူးပေါင်း၍ စာ‌ရေးဆရာဖေမြင့်၏ "ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်တဲ့သူ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေး‌နွေးပွဲကို ယနေ့မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ စာပေချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင် ဦးမင်းသူက စာရေးဆရာဖေမြင့်၏ "ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်တဲ့သူ" စာအုပ်မှ အမှာစကားတွင်ပါရှိသော "လူမှန်သမျှ အသက်‌မွေးဝမ်းကျောင်း အတတ်ပညာတစ်ခုတတ်ဖို့လိုအပ်ကြောင်း၊ အတတ်ပညာတစ်ခုရှိမှ လောကအလယ်တင့်တောင့်၊ တင့်တယ်ရပ်တည်နိုင်ပြီး၊ အတတ်ပညာ၌ကျွမ်းကျင်လေ ပို၍တင့်တယ်အောင်မြင်ကြောင်း၊ ကိုယ့်ပညာ၏စွမ်းအားကို လူအများကြား အထိရောက်ဆုံးပုံစံဖြင့် ဖြန့်ချိပြသနိုင်မှသာ ပညာ၏အကျိုးကျေးဇူးကို ခံစားနိုင်မှာဖြစ်ကြောင်း၊ အ‌ခြေခံပညာခြင်းတူပါလျက် ဘဝအခြေအနေကွာခြားရခြင်း အဓိကအချက်က လူအများနှင့်ဆက်ဆံရေးကိစ္စကြောင့်ဖြစ်ကြောင်းနှင့် တချို့ကအတတ်ပညာရှိသော်လည်း လူမှုဆက်‌ဆံရေးညံ့ဖျင်းကြောင်း၊ တချို့ကပညာလည်းရှိ လူမှုဆက်ဆံရေးလည်းကျွမ်းကျင်ပြီး ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်သူဖြစ်ကြောင်း၊ မိမိကိုသူတစ်ပါးအထင်အမြင်ကောင်းအောင်ဖန်တီးနိုင်ပြီး၊ မိမိဘက်ပါအောင် စည်းရုံးနိုင်ခြင်းကြောင့် အများသူငါထက်ပို၍ အောင်မြင်လာသည်ဟု ဦးဆောင်ဆွေးနွေးရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက  မိမိတို့သိရှိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)