ပြည်မြို့နယ်တွင် ဆောင်းသီးနှံပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်စေရေး မြေပဲ၊ မတ်ပဲနှင့်ပဲတီစိမ်း မျိုးသန့်၊ မျိုးကောင်းများ တောင်သူများထံ ထောက်ပံ့ပေးအပ်

ပြည် အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ၂၀၂၃- ၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံပန်းတိုင် အထွက်နှုန်းပြည့်မီကျော်လွန်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မြေပဲ၊ မတ်ပဲနှင့်ပဲတီစိမ်းသီးနှံ အထွက်ကောင်း မျိုးသန့်၊ မျိုးကောင်းများအား တောင်သူများထံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီးအုပ်တောင်သူပညာပေးရှေ့တန်းစခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က ပန်းတိုင်သီးနှံ(၁၀)မျိုး အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးစန်းလွင်က မျိုးသန့်မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

ယင်းနောက် ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အထွက်နှုန်းကောင်းသော ဗီယက်နမ်မြေပဲ မျိုးသန့်မျိုးစေ့များနှင့် ပဲတီစိမ်းမျိုး ရေဆင်း-၁၄၊ မတ်ပဲမျိုးသန့် ရေဆင်း-၇ မျိုးစေ့များကို တောင်သူများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်သည်။

မျိုးသန့်၊ မျိုးကောင်းများ ထောက်ပံ့ပေးအပ်ရာတွင် တစ်ဧကလျှင် ဗီယက်နမ်မြေပဲမျိုးသန့်  ၆တင်းနှင့် သွင်းအားစုများအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် သုံးသိန်းဖိုးထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မတ်ပဲ ရေဆင်း-၁၄နှင့် ပဲတီစိမ်း ရေဆင်း-၇ မျိုးသန့်များကို တစ်ဧကလျှင် တစ်ခွဲ (၈ပြီ)နှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။

ပြည်မြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် မြေပဲဧက ၉၀၀၀ကျော်အား တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း ၇၀ ကျော်လွန်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ပြီး မတ်ပဲဧက ၂၇၀၀၀ကျော်နှင့် ပဲတီစိမ်းဧက ၉၀၀ကျော် စိုက်ပျိုးမည်ဖြစ်ကာ မတ်ပဲတစ်ဧကပန်းတိုင် အထွက်နှုန်း ၂၅တင်းနှင့် ပဲတီစိမ်းတစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း၂၀ ပြည့်မီကျော်လွန်ထွက်ရှိရေးနှင့် သီးနှံများ‌ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စနစ်တကျစိုက်ပျိုးနည်းပညာနှင့် အခြားလိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)