မုံရွာ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန်နှင့် စွမ်းအားပြည့်အသုံးပြု နိုင်ရေး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေတို့မှ ငွေကျပ်သန်း (၃၆၇၁၆.၁၇၅)ဖြင့် အကုန် အကျခံ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များနှင့် ကျေးလက်ဒေသများ၌ လျှပ်စစ်ဓာတ်အားများ တိုးချဲ့အသုံးပြုနိုင်ရေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၂၇၉၈၆.၂၉၂) သန်းဖြင့် လည်းကောင်း၊ ပြည်ထောင်စု ရန်ပုံငွေမှ ငွေကျပ်(၈၇၂၉.၈၈၃)သန်းဖြင့် လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများ တိုးချဲ့ တည်ဆောက်ခြင်း၊ ထရန်စဖော်မာများတိုးချဲ့ တပ်ဆင်ခြင်း၊ ဟောင်းနွမ်းလျှပ်စစ်လိုင်းကြိုး များနှင့် သစ်သားတိုင်များအား ကွန်ကရစ်တိုင် များဖြင့်အစားထိုးတပ်ဆင်ခြင်း၊ ထရန်စဖော် မာအသစ်များနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူ တပ်ဆင်ခြင်းများအား လည်းကောင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာရေးနှစ်အတွင်း အသုံးပြုခွင့်ရသည့် ရန်ပုံငွေများဖြင့် လုပ်ဆောင်သည့် လျှပ်စစ် ဓာတ်အား တိုးချဲ့ အသုံးပြုနိုင်ရေး လုပ်ငန်းများ ပြီးစီးပါက တိုင်းဒေသကြီးအတွင်းရှိ မြို့ပေါ် ရပ်ကွက်များတွင် လျှပ်စစ်ဓာတ်အားစနစ် တိုးတက်ကောင်းမွန်လာမည် ဖြစ်သည့်အပြင် ကျေးရွာ (၈၀၁) ရွာတို့အား တိုးချဲ့လျှပ်စစ်ဓာတ်အားများ ပေးဝေ နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)