ကျွန်းစုမြို့တွင် HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်

ကျွန်းစု အောက်တိုဘာ ၂၁


တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်တွင် အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်း အမျိုးသမီးငယ်များအား HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်း၍ ထိုးနှံခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာရဲမင်းဦး က “သားအိမ်ခေါင်း ရောဂါက မြန်မာနိုင်ငံမှာ အမျိုးသမီးများ အဖြစ်အများဆုံးပါ၊ ဒါကြောင့် ရောဂါကာကွယ်ဆေးကို အမျိုးသမီးများအား ဦးစားပေး ထိုးနှံသွားမှာ ဖြစ်ပါတယ်၊ ကာကွယ်ဆေးက ငယ်ရွယ်တဲ့ ကလေးတွေကို ပထမအကြိမ် ထိုးနှံပြီး (၁၂)လ ခြားကာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံမှ ရောဂါကာကွယ်ဆေးက ထိရောက်မှာ ဖြစ်ပါတယ်” ဟု ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးနှင့် တာဝန်ရှိသူများက ကာကွယ်ဆေး ထိုးနှံမည့် ကလေးများအား ရုပ်ပြစာအုပ်များ မေတ္တာလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပြီး အမျိုးသမီးငယ်များအား ကျန်းမာရေး ဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးကို ပုံမှန်ကာကွယ် ဆေးထိုး၊ ဆေးတိုက်ခြင်း အစီအစဉ်တွင် ထည့်သွင်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)