သဲကုန်းမြို့နယ် ကန်နှစ်ဆင့်ကျေးရွာ၌ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး ပဲတီစိမ်းနှင့် မတ်ပဲသီးနှံအထွက်ကောင်းမျိုးများထောက်ပံ့

သဲကုန်း အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ပဲတီစိမ်း၊ မတ်ပဲများစိုက်ပျိုးရာတွင် အထွက်ကောင်းပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ အထွက်ကောင်းမျိုးများ တောင်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခြင်းနှင့် အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာဆွေးနွေးပွဲကို အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က ကန်နှစ်ဆင့် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးယဉ်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)ဒုတိယတိုင်းဦးစီးမှူးဦးစန်းလွင် က ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စိုက်ပျိုးရေးနည်းပညာများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး အထွက်ကောင်းမျိုးများနှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်ဝင်းနှင့်ဝန်ထမ်းများက အယ်နီညိုရာသီဥတုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြီး ပိုးမွှားရောဂါကြိုတင်ကာကွယ်ခြင်းနှင့် မြေဆီလွှာဖွံ့ဖြိုးရေးလုပ်ငန်းများ၊ မတ်ပဲ၊ ပဲတီစိမ်း၊ မြေပဲစိုက်ပျိုးမှုနှင့်ပတ်သတ်၍ ဆောင်ရန်ရှောင်ရန်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် တောင်သူများ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး အထွက်နှုန်းတိုးတက်ရေး စိုက်ပျိုးနိုင်ရန် မတ်ပဲမျိုးများဖြစ်သည့် TBL-9 မျိုးကောင်းမျိုးသန့်များအား တောင်သူလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်