ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရွှေတောင် အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးရေးနှင့် မွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် နှစ်မြို့နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးကြီးကြပ်မှုကော်မတီပါဌာနဆိုင်ရာအကြီးအကဲများက ယမန်နေ့နံနက်ပိုင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အဆိုပါ စစ်ဆေးရာတွင် ရွှေတောင်မြို့နယ် ရွှေဟင်္သာကျေးရွာအုပ်စု၊ ကွင်းအမှတ် (၅၁၆၊ ၅၁၇၊ ၅၁၈) တို့တွင် ပေါ်ထွန်းလျက်ရှိသောမြေနုကျွန်း (၇၇၀) ဧကခန့်အနက် ၂၀၂၃ - ၂၀၂၄ မြေနုကျွန်းရာသီတွင်စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေနုကျွန်းမြေဧက (၃၄၄) ခန့် ပေါ်ထွန်းနေသည့် အခြေအနေအား မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ရွှေဟင်္သာကျေးရွာရှိ ဒေသခံပြည်သူများအား ပေါ်ထွန်းလျက်ရှိသော မြေနုကျွန်းမြေများတွင် မြေနုကျွန်းရာသီအမီသီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးနှင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ ပဲမျိုးစုံ အထွက်ကောင်းမျိုးများအား ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ ရွှေဟင်္သာကျေးရွာအုပ်စု၊ စကားမြားကျေးရွာ ကွင်းအမှတ် (၅၁၆ A) ရှိ ကိုင်းလုပ်စားမြေများ ဧရာဝတီမြစ်ရေမြင့်တက်မှုနှင့် ရေကြောင်းပြောင်းလဲမှုများကြောင့် ကမ်းပြိုကမ်းစားမှု ဖြစ်ပေါ်နေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး စကားမြားကျေးရွာ၊ ပတ္တမြားဘုန်းတော်ကြီးကျောင်း၌ ကျောင်းထိုင်ဆရာတော်၊ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကမ်းပြို၊ ကမ်းစားမှု သက်သာစေရေးအတွက် ရေ/မြစ်/ဖြိုးဌာနအား မြေပြင်ကွင်းဆင်းတိုင်တာမှုလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်စေပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေကာတန်းတည်ဆောက်ခွင့် ရရှိနိုင်ရေးအတွက် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသတွင်း ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)