မောက်မယ် အောက်တိုဘာလ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန် ၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန် ၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့် အခက်အခဲပြဿနာများကိုရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့် လူငယ်များစာဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး အတွက်“လူငယ်စကားဝိုင်း”ကိုယနေ့နံနက်၉နာရီခွဲက စျေးတန်းရပ်ကွက် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝိုဆိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား ပြီးနောက် “လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။
“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် Grade-9မှ ကျောင်းသား/ကျောင်းသူ များ(၄)ဦးတို့ကဆောင်ရွက်ကာ စိုင်းစိန်းခမ်းက လူငယ်နှင့်မျိုးဆက်အမွေခေါင်းစဉ်ဖြင့်လည်းကောင်း ၊ နန်းဆုရတီက လူငယ်နှင့်အပေါင်းအသင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုင်းပင်ဆိုင်က လူငယ်နှင့်အချိန် ၏တန်ဖိုးခေါင်းစဉ်ဖြင့်လည်းကောင်း ၊ မအိမ့်မှူးခင် က လူငယ်နှင့်စာဖတ်ခြင်း စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ်တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်း သူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်း သူများ(၄)ဦးတို့က မေးခွန်းများ၏ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြသည်။
ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ(၂၅၀)ဦးတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ သဘာဝဘေးအန္တရာယ်၊ လူငယ်ရေးရာနှင့်မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ ပြခဲ့ရာကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာဖြင့်ကြည့်ရှုကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)