ကံမ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်၊ မဒေးဝ အခြေခံပညာမူလတန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန့်နေ့ နေ့လယ်(၁၂)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောရာတွင် ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံတော်၏ တာဝန်များကို လက်ဆင့်ကမ်း ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် ကျောင်းသား လူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန် သုတရသစာပေများကို ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း စာဖတ်ခြင်းဖြင့် အမှားအမှန် အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်မည် ဖြစ်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် စာအုပ် စာစောင်များနှင့် နံရံကပ် အသိပညာပေး စာစောင်များကို ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အလားတူ နေ့လယ်(၂)နာရီ၌ ကံမမြို့ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း၌လည်း စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆက်လက် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)