ကျွန်းစု အောက်တိုဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ၂၀၂၀ပြည့်နှစ် အထွေထွေရွေး ကောက်ပွဲ၌ ဆန္ဒမဲပေးခြင်းလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံဝန်ထမ်းများအား ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ရွေးကောက်ပွဲ ဆိုင်ရာများ သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်ဝင်းက သင်ကြားပြသသည့် သင်ခန်းစာများကို တတ်နိုင်သမျှ မှတ်သားပြီး မဲပေးသည့်နေ့တွင် ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ဆောင်ရွက်နိုင်အောင် သင်ယူမှတ်သား ပေးစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းကို စတင်ပို့ချခဲ့သည်။
သင်တန်းတွင် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များ၊ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှု၊ ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် ရလဒ်များ ထုတ်ပြန်ကြေညာခြင်း၊ မဲရုံသရုပ်ပြခြင်းတို့ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဒေါ်ချူးမျက်ခြယ်နှင့် အဖွဲ့ဝင်များက သင်ကြားပို့ချမည် ဖြစ်သည်။
ကျွန်းစုမြို့နယ်တွင် မဲရုံစုစုပေါင်း(၁၆၃)ရုံ ရှိပြီး မဲရုံမှူးများ၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် သင်တန်းသား စုစုပေါင်း(၃၂၆)ဦး ရှိရာ ကိုဗစ်ကာလဖြစ်သည့်အတွက် ၎င်းတို့အား အုပ်စုခွဲ၍ အောက်တိုဘာ(၂၀)ရက်နေ့မှ စ၍ (၂၆)ရက်နေ့အထိ (၇)ရက် ကြာ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း၊ ကျွန်းစုမြို့နယ်တွင် ဒုတိယအကြိမ် ကြေညာပေးသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ (၁)သိန်း(၁)သောင်းကျော် ရှိကြောင်း မြို့နယ်ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)