မြို့သန့်ရှင်းသာယာလှပရေးအတွက် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍  စဉ်ဆက်မပြတ် ဆောင်ရွက်

နတ်မောက် အောက်တိုဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သည် နတ်မောက်မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်အတွင်း မြို့သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို အဖွဲ့ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။         

နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် လမ်းဘေးဝဲယာများတွင် အရိပ်ရအပင်များဖြင့် စိမ်းလန်းစိုပြည်စေရေးအတွက် မိမိရုံးတွင်းရှိ ပျိုးခြံထဲတွင် ပျိုးပင်များ ဖြည့်တင်းပျိုးထောင်းထားခြင်း၊ ပျော်ဘွယ်လမ်း၊ မကွေးလမ်း၊ တောင်တွင်းကြီးလမ်းရှိ မြို့အဝင် ဆိုင်းဘုတ်များ၊ တြိဂံလမ်းဆုံနှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် စိုက်ပျိုးထားသည့်  ပန်းအလှပင်များ၊ အရိပ်ရပင်များအား အဖွဲ့ပိုင် ရေသယ်ယာဉ်ဖြင့် ရေလောင်းခြင်း၊ ပေါင်းမြက်ရှင်းလင်း သုတ်သင်ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်နေပြည်သူများအနေဖြင့်လည်း မိမိတို့၏ ခြံစည်းရိုး အတွင်း/အပြင်ရှိ အမြင်မတင့်တယ်သော ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများအား အဖွဲ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ်ဆောင်ရွက်ရှိကြောင်း သိရသည်။     

အဆိုပါလုပ်ငန်းများဆောင်ရွက်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ရပ်ကွက်အုပ်ချုပ်ရေးတို့မှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မူမူစန်း