အမာ အောက်တိုဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ နောက်မီးကျေးရွာအုပ်စု၊ မင်္ဂလာသောင်တန်း ကျေးရွာ၌ ယမန်နေ့နံနက် ၁ နာရီ ၂၀ မိနစ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဒီရေများမြင့်တက်လာခြင်း ကြောင့် လူနေအိမ် (၁၅၂) လုံးနှင့် ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာတွင် လူနေအိမ် (၁) လုံး ရေနစ်မြုပ်၍ ယိုင်နဲ့ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် မင်္ဂလာသောင်တန်းကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ် (၁၅၂) လုံး တို့၏ အိမ်ဘေးနံရံကွာကျခြင်း၊ ယိုင်နဲ့ခြင်းများဖြစ်ခဲ့ပြီး ခန့်မှန်း တန်ဖိုးငွေ (၅၃၂၀၀၀၀) ကျပ်ခန့်ဆုံးရှုံးခဲ့ကြောင်း၊ ဂေါ်ဒူကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ် (၁) လုံး ယိုင်နဲ့ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၃) သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လေပြင်း တိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက် သေကြေပျက်စီးမှု မရှိကြောင်း မြို့အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု(၁၅၃) စုတွင် လူဦးရေ ကျား(၃၄၁)ဦး၊ မ(၃၄၂) ဦး၊ ပေါင်း (၆၈၃ ) ဦး တို့မှာ ဆွေမျိုးများထံ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အလားတူ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာနှင့် ရွှေထီးကျေးရွာတို့တွင် ယနေ့နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ပင်လယ် ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ်(၉) လုံး ပြိုကျပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၂၇) သိန်းကျပ် ခန့်ဆုံးရှုံးခဲ့ကြောင်းနှင့် လူ၊ တိရိစ္ဆာန်ထိခိုက်သေကြေမှု မရှိကြောင်း မြို့အုပ်ချုပ်ရေးမှူထံမှ သိရသည်။
ပျက်စီးသွားသော အိမ်ထောင်စု(၉) စုတွင် ကျား(၂၄) ဦး၊ မ(၁၇) ဦး၊ ပေါင်း(၄၁) ဦးတို့မှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် ပင်လယ်ကမ်းစပ်တွင် နေထိုင်သော အိမ်ထောင်စုများ အနေဖြင့် ပင်လယ်ဒီရေမြင့်တက်၍ ရေလှိုင်းရိုက်ခတ်နိုင်သဖြင့် ဘေးလွတ်ရာတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ ပင်လယ်ကမ်းစပ် နေအိမ် ထောင်စုများအား နှိုးဆော်အသိပေးဆောင်ရွက်ထားကြောင်း သိရသည်။
နော်လေး(အမာ)