ဘားအံ အောက်တိုဘာ ၂၀
ပြည်တွင်း ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်စီးပွားရေးလုပ်ငန်းများကို အဓိကထိုးနှက်နေသော တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို ကရင်ပြည်နယ်အတွင်းမှ ထိထိရောက်ရောက် တားဆီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည့် ပြည်နယ်တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး၏ အဓိကကျသောလမ်းကြောင်းပေါ်တွင်တည်ရှိပြီး မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းသည် သွင်းကုန်ပိုင်းတွင် ကုန်သွယ်မှုပမာဏ(Trade Volume) အများဆုံးဆောင်ရွက်နေသည့်စခန်းတစ်ခုဖြစ်ကာ ကုန်ပစ္စည်း များတင်သွင်း/တင်ပို့ ဆောင်ရွက်ကြရာတွင် စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းစီးဆင်းနေသည့်အတွက် သတင်းစုံစမ်းရယူပြီး ထိထိရောက်ရောက်တားဆီးဖမ်းဆီးဆောင်ရွက်ရန်လိုကြောင်း၊ တားဆီးဖမ်းဆီးခြင်းများအပြင် တရားမဝင်လမ်းကြောင်းပေါ်မှ တရားဝင်လမ်းကြောင်းပေါ်ရောက်ရှိစေရေး စည်းရုံးလှုံ့ဆော်ဆောင်ရွက်သွားရန် နည်းလမ်းတစ်ခု အနေဖြင့်ဆောင်ရွက်ရန်လိုကြောင်း၊ တားဆီး/ဖမ်းဆီးဆောင်ရွက်ရာတွင် ယခင်နှစ်အလားတူကာလထက် ပိုမိုဖမ်းဆီး/ တားဆီးနိုင်ရေး အထူးအဖွဲ့များမှတိုးတက်ဆောင်ရွက်ရန်လိုပြီး သွင်းကုန်များသာမက အထောက်အထားစာရွက် စာတမ်းများမပါရှိသည့်ပို့ကုန်များကိုလည်း တားဆီး/ဖမ်းဆီးဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့စီးပွားရေးမောင်းနှင်အား ကောင်းမွန်စေရန်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် အဓိကအဟန့်အတားဖြစ်သည့် တရားမဝင်ကုန်သွယ်မှုများကို ပိုမိုထိရောက်စွာအရေးယူရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်က ကုန်သွယ်မှုလုပ်ငန်းများကို တရားဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့လိုပြီး တရားမဝင်ကုန်သွယ်မှုများသည် နိုင်ငံ၏ဝင်ငွေကိုများစွာ ထိခိုက်စေကာ ဥပဒေမဲ့ဖောက်ဖျက်မှုများကိုဖော်ထုတ်၍ ပြင်းပြင်း ထန်ထန်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအဟန့်အတားဖြစ် စေသည့် တရားမဝင်ကုန်သွယ်မှုများကို ယခုထက်ပိုမို၍ ထိရောက်စွာတားဆီးအရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့များက လုပ်ငန်းတာဝန်များအတိုင်း ဖမ်းဆီးဆောင်ရွက်ရန် လိုကြောင်းပြောကြားကာ ပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အတွင်းရေးမှူး ပြည်နယ်အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်နယ်တရားမဝင်ကုန်သွယ်တိုက်ဖျက်ရေးအထူးအဖွဲ့ အဖွဲ့ဝင်များက သက်ဆိုင်ရာဌာနများအလိုက် ဆွေးနွေးတင်ပြကြပြီး ခရိုင်တရာမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် ကုန်သွယ်မှုလမ်းကြောင်းနှင့် ကုန်စည်စီးဆင်းမှုအနေအထား၊ ဘဏ္ဍာနှစ်အလိုက် တားဆီး/ဖမ်းဆီးမှု အခြေအနေများ၊ ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ထူးခြားဖမ်းဆီးရမိမှုများ၊ တရားမဝင်ကုန်သွယ်မှု ပြုလုပ်နေသော ရှောင်ကွင်းလမ်းများ အခြေအနေ၊ တရားမဝင်ကုန် စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာသူများက တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)