မြန်အောင် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ မြန်အောင်မြို့နယ်အတွင်း အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေးလှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့် ယနေ့ နံနက်က မြန်အောင်မြို့နယ် ဆင်သေကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ငါးမွေးမြူရေးတောင်သူများအား အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင် တာဝန်ခံ ဒေါ်အေးမြင့်ဦးက အယ်လ်နီညို ရာသီဥတု ဖြစ်ပေါ်မှုကြောင့် ငါးများ အစာနှင့် ရေရှားပါးခြင်း၊ အာဟာရမပြည့်ဝခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်းတို့ကြောင့် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားသင့်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး မြန်အောင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)