ပွင့်ဖြူ အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံကျေးလက်နေ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့က မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့ မွန်းလွဲ ၁ နာရီက စားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှု ရှိစေရန်အတွက် စက်တင်ဘာလကစပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ကာ စားအုန်းဆီများကို ချိုသာသောဈေးနှုန်းဖြင့် လိုက်လံဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာရှိ ဒေသခံပြည်သူများကို အရှေ့ပိုင်းရပ်ကွက် ဒေါ်သွယ် သွယ်မိုးကုန်စုံဆိုင်တွင် လည်းကောင်း၊ ဖလံတောကျေးရွာရှိ ဒေသခံပြည်သူများကို အရှေ့ပိုင်းရပ်ကွက် ဒေါ်အေးသီတာ ကုန်စုံဆိုင်တွင် လည်းကောင်း၊ ရေပုတ်ကြီးကျေးရွာရှိ ဒေသခံပြည်သူများကို အရှေ့ပိုင်းရပ်ကွက် ဒေါ်အိသီတာခိုင် ကုန်စုံဆိုင်တွင် လည်းကောင်း၊ မုန်းဇလဲကျေးရွာရှိ ဒေသခံပြည်သူများကို အရှေ့ပိုင်းရပ်ကွက် ဒေါ်ရင်ရွှေ ကုန်စုံဆိုင်တွင် လည်းကောင်း၊ နဘဲကုန်းကျေးရွာရှိ ဒေသခံပြည်သူများကို အလယ်ပိုင်းရပ်ကွက် ကိုအောင် - မသီ ကုန်စုံဆိုင်တွင် လည်းကောင်း၊ ကုလားဟောင်းကျေးရွာရှိ ဒေသခံပြည်သူများကို အလယ်ပိုင်းရပ်ကွက်ရှိ ဦးစိုးမိုးအောင် ကုန်စုံဆိုင်တွင် လည်းကောင်း ယာယီအရောင်းဆိုင်များ ဖွင့်လှစ်၍ ကျေးရွာနေပြည်သူများကို အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်း စားအုန်းဆီပိဿာချိန် ၂၂၀၀ အား တစ်ပိဿာ ငွေကျပ် ၄၈၅၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယခုကဲ့သို့ စားအုန်းဆီများကို ဈေးနှုန်း ချိုသာစွာဖြင့် စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပြင် စားသုံးဆီများ ဈေးနှုန်း တည်ငြိမ်မှုရှိစေရန်အတွက် မြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များကို ကွင်းဆင်းကြီးကြပ်၍ စားသုံးဆီများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကိုယ်တိုင် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများအဖွဲ့က ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် ယာယီအရောင်းဆိုင် ဖွင့်လှစ်၍ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက် အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင်ထံက သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)