နတ်မောက် အောက်တိုဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ရာသီပေါ် ဩဇာသီးများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေများရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အညာကျေးလက်ဒေသများတွင် မိမိတို့၏ အိမ်ခြံစည်းရိုးများတွင်လည်းကောင်း၊ ယာမြေစည်းရိုးများတွင်လည်းကောင်း နှစ်ရှည်သီးနှံများဖြစ်သည့် မာကာလာပင်၊ သရက်ပင်၊ ဒန့်သလွန်ပင်၊ ဆီးဖြူပင်၊ ပိန္ဒဲပင်များ၊ စောင်းဝါးသီး၊ ဂွေးပင်နှင့် ဩဇာပင်များ စိုက်ပျိုးထားရှိကြသည်။
အဆိုပါ နှစ်ရှည်ပင်များမှ ထွက်ရှိလာသည့် အသီးအနှံများကို ရာသီအလိုက် ရောင်းချလျက်ရှိကြပြီး လက်ရှိတွင် ဩဇာပင်မှ ဩဇာသီးများ ရင့်မှည့်လာ၍ ခူးဆွတ်ရောင်းချလျက်ရှိကြောင်း၊ တော်သလင်းလဆန်းတွင် ဩဇာသီးများစတင်ရင့်မှည့်လာ၍ ခူးဆွတ်ရောင်းချရာ ဩဇာသီးအလုံးအကြီးအသေးအလိုက် (၅၀၀)ကျပ်မှ (၃၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ သီတင်းကျွတ်လဆန်းပိုင်းတွင် ဩဇာသီးမှည့်များ ပေါများလာတာကြောင့် (၃)လုံး (၅၀၀)နှင့် ရောင်းချရကြောင်း၊ ဩဇာသီးသည် ဓာတုဆေးကင်းလွတ်သည့် သဘာဝအသီးအနှံဖြစ်သောကြောင့် စားသုံးသူကြိုက်နှစ်ပြီး ဝယ်ယူစားသုံးကြသဖြင့် ဩဇာသီးအမှည့်ရောင်းချရ၍ မိသားစုအတွက် အပိုဝင်ငွေရရှိသည်ဟု အင်းကုန်းကျေးရွာမှ ဒေါ်ငြိမ်းငြိမ်းက ပြောသည်။
လှဝင်း