ပွင့်ဖြူ အောက်တိုဘာ၂၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့သန့်ရှင်းသာယာလှပစေရန်နှင့် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် မြို့တွင်း၌ တပ်ဆင်ဆောင်ရွက်ထားရှိသော လျှပ်စစ်လမ်းတိုင်များမှာ ယခုအခါ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး၍ မီးမလင်းတော့သဖြင့် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများက မြို့နယ်လျှပ်စစ်ဝန်ထမ်းများနှင့် ပူးပေါင်းပြီး မီးမလင်းသည့် လမ်းမီးတိုင်များရှိ လျှပ်စစ်မီးသီးများအား ဖြုတ်သိမ်းပြီး LED မီးသီးများဖြင့် အစားထိုး လဲလှယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးလိုင်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများက မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့တွင်း ဗိုလ်ချုပ်လမ်းနှင့် မြို့ပတ်လမ်းတစ်လျှောက် လမ်းဘေး(ဝဲ၊ ယာ)ရှိ လမ်းမီးတိုင်များတွင် မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် ညပိုင်းအချိန် ပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးသီးများ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး စနစ်တကျ ဖြုတ်သိမ်းကာ LED မီးသီးများဖြင့် အစားထိုး လဲလှယ်တပ်ဆင်ခြင်း၊ လျော့ကျနေသည့် ဓာတ်အားလိုင်းကြိုးများအား လျှပ်စစ်အန္တရာယ် ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်း၊ ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ယခုအခါ မြို့တွင်းလမ်းများနှင့် မြို့ပတ်လမ်းပေါ်ရှိ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး၍ မီးမလင်းသည့် လမ်းမီးတိုင်များတွင် LED မီးသီးများဖြင့် အစားထိုး တပ်ဆင် ပြုပြင်ဆောင်ရွက် ပြီးစီးသွားပြီဖြစ်၍ ဒေသခံပြည်သူများနှင့် ခရီးသွား ပြည်သူများအတွက် ညပိုင်းအချိန် အဆင်ပြေစွာ ခရီးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့အား မြို့ပြအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲ သန့်ရှင်းသာယာလှပစေရန်အတွက် မြို့ပြသန့်ရှင်းရေးနှင့် မြို့ပြဖွံ့ဖြိုးရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းလုပ်ဆောင်လျက်ရှိရာ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်လည်း ဌာန၏ ဒေသဖွံ့ဖြိုးရေး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၂၃၈ ဒသမ ၈၀ သန်း ဖြင့် လမ်းလုပ်ငန်း ၂၂ ခု၊ တံတားလုပ်ငန်း ၅ ခု၊ ရေမြောင်းလုပ်ငန်း ၂ ခု၊ အခြား ဖွံ့ဖြိုးရေးလုပ်ငန်း ၂ ခု ၊ စက်ကိရိယာ ပစ္စည်းလုပ်ငန်း ၄ ခု၊ စုစုပေါင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၅ ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။ လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )