မအူပင် အောက်တိုဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ဓမ္မာရုံရွှေကျင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ ရွှေကျင်နိကာယရတ္တညူမဟာ နာယက၊ မြို့နယ်ဩဝါဒါစရိယ၊ ဓမ္မာရုံဝိနည်းပြန်ဌာန (ဒုတိယဥက္ကဋ္ဌ) အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သက်တော်(၈၆)နှစ်၊ သိက္ခာတော်(၆၆)ဝါရှိ ဘဒ္ဒန္တစိန္တာမဏိမဟာထေရ် ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သောဥတုဇရုပ်ကလပ်အား ယမန်နေ့ မွန်းလွဲပိုင်းက အန္တိမအဂ္ဂိဈာပန သာဓုကီဠသဘင်ကျင်းပပြုလုပ်သည်။
ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်အား လောင်တိုက်သို့ပင့်ဆောင်ရာတွင် အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် ဘုရားလမ်းမှ ကမ်းနား လမ်း၊ ကမ်းနားလမ်းမှ ရေလဲလမ်း၊ ရေလဲလမ်းမှ မြို့ရှောင်လမ်းအတိုင်း ပင့်ဆောင်လာခဲ့ပြီး လောင်တိုက်ရှိရာ မအူပင်တံတားအတက် သဲကွင်း အတွင်း အန္တိမအဂ္ဂိဈာပန သာဓုကီဠသဘင်ကျင်းပပြီး တိုးမြစ်ကျောင်းအတွင်းသို့ အရိုးပြာများရေမျှောခဲ့ကြကြောင်း သိရသည်။
အဆိုပါ အန္တိမအဂ္ဂိဈာပန သာဓုကီဠသဘင်သို့ သံဃာတော်အရှင်သူမြတ်များ၊ တပည့်သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)