ကျိုက်လတ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံ

ကျိုက်လတ် အောက်တိုဘာ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာကျေးရွာအုပ်စု၊ အောင်မြေသုခ ဓမ္မာရုံတွင် ယမန်နေ့နံနက် (၁၀)နာရီခန့်က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဆင်တာ၊ ကျွဲကူးခရားရိုး၊ လှိုင်းတာ၊ ကတိုက်ကြီးဝိုင်း ကျေးရွာအုပ်စုများရှိ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးရဲမင်း၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ် လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ၆၆/၆ ပြုလုပ်နိုင်ရေး၊ ကတ်ပြား (၅)မျိုးအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံသားဖြစ်လျှင် ကတ်ပြား(၁)မျိုး ကိုင်ဆောင် ရမည်ဖြစ်ကြောင်း၊ မဲထည့်ရာတွင် မှတ်ပုံတင်ကိုင်ဆောင်ပြီး စက်ခလုတ်နှိပ်၍ မဲပေးရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ သွေးလွန်တုတ်ကွေးရောဂါအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ခြင်ပေါက်ပွားသည့် နေရာများအား ရှင်းလင်းစေရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော် ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ ဆောင်းသီးနှံနေကြာ ပြည့်မီစွာ စိုက်ပျိုးရေး၊ စနေနေ့တိုင်းကျေးရွာအလိုက်၊ နေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်၊ ထင်း၊ မီးသွေးတရားလွန်ထုတ်ယူသုံးစွဲမှုမရှိရေး၊ ထင်းမီးသွေး အစားထိုးစပါးခွံလောင်စာတောင့် စက်ရုံတည်ဆောက်သုံးစွဲရေး၊ နိုင်ငံစီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအားစု ထုတ်ယူရေး နွေစပါးနှင့် လယ်ယာမြေဥပဒေအကြောင်း ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်ကြသည့် ဒေသခံပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများက  ပြန်လည်ရှင်းလင်း  ဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

လှိုင်မင်းအောင်