ပုသိမ် အောက်တိုဘာ ၂၀
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုပံ့ပိုးငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ်၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “(၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်)ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ပြိုင်ပွဲဝင်များအား အောင်နိုင်ရေး အလံပေးအပ်ခြင်းဖြစ်ပါကြောင်း၊ (၂၄)ကြိမ် မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန်အတွက် မြို့နယ်အဆင့်၊ ခရိုင်အဆင့်ပြိုင်ပွဲများ ပြုလုပ်၍ စိစစ်ရွေးချယ်ပြီး တိုင်းအဆင့် ပြိုင်ပွဲပြုလုပ်၍ အရည်အချင်းပြည့်ဝသည့် ပြိုင်ပွဲဝင်များအား စိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ ယခင်နှစ်က အတွေ့အကြုံများကို အခြေခံ၍ ယခုနှစ် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် အဆို၊ အက၊ အရေး၊ အတီး အကဲဖြတ်ပညာရှင်များ၊ ခရိုင်အဆင့် အကဲဖြတ်ပညာရှင်များအား ဖိတ်ခေါ်၍ ပြိုင်ပွဲဝင်များအား အကဲဖြတ် ရွေးချယ်ကာ စခန်းသွင်းလေ့ကျင်မှုများ ပြုလုပ်ခဲ့ပြီး အရည်အချင်းဆန်းစစ်ခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုနှစ်တွင် ယခင်နှစ်က ဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိခဲ့သည့် နေရာများတွင်လည်း ဖြည့်သွင်းပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပါကြောင်းနှင့် ဆုတံဆိပ်များ ပိုမိုရရှိမည်ဟု ယုံကြည်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက် နေထိုင်ကြရန်လည်း လိုအပ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် နည်းပြများ၏ အကြံပြုချက်များ၊ သုံးသပ်ချက်များကိုလိုက်နာ ဆောင်ရွက်သွားရန်လိုပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအောင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ၊ နည်းပြများအနေဖြင့် မိမိတို့ တတ်ကျွမ်းသည့် ပညာရပ်များဖြင့် အားသွန်ခွန်စိုက် တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ မဟာဂီတအဆင့်မြင့်ပညာအဆင့် အဆိုပြိုင်ပွဲဝင်၊ ဝါသနာရှင် (ပထမတန်း အဆင့်) အကပြိုင်ပွဲဝင်၊ အခြေခံပညာအဆင့် (၁၅-၂၀) စောင်းပြိုင်ပွဲဝင်၊ ဝါသနာရှင် (ဒုတိယတန်းအဆင့်) အမျိုးဂုဏ်/ဇာတိဂုဏ် အဆိုပြိုင်ပွဲဝင်၊ အခြေခံပညာ အဆင့်(၁၅-၂၀) အကပြိုင်ပွဲဝင်၊ ဝါသနာရှင်(ပထမတန်း)အဆင့် ဒုံမင်းပြိုင်ပွဲဝင်၊ အဆင့်မြင့်ပညာအဆင့် စန္ဒရား ပြိုင်ပွဲဝင်၊ အခြေခံပညာအဆင့် (၁၀-၁၅) ဆိုင်းအဖွဲ့လိုက် ပြိုင်ပွဲဝင်၊ ရှမ်းတိုင်းရင်းသား ရိုးရာအကအဖွဲ့၊ အခြေခံပညာအဆင့် (၁၀-၁၅) ကဗျာလွတ် အကပြိုင်ပွဲဝင်အဖွဲ့တို့က သီဆို၊ ကပြ၊ တီးခတ် ဖျော်ဖြေခဲ့ကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုပံ့ပိုးငွေများအား ပေးအပ်ရာ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တိုင်းဦးစီးမှူးတို့က လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့သည်။
(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် အဆိုပြိုင်ပွဲဝင်(၂၃)ဦး၊ အကပြိုင်ပွဲဝင် (၁၁၆)ဦး၊ အရေးပြိုင်ပွဲဝင်(၄)ဦး၊ အတီးပြိုင်ပွဲဝင်(၁၀၆)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၂၄၈)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အမျိုးသား၊ အမျိုးသမီး၊ အုပ်ချုပ်နည်းပြများ၊ အုပ်ထိန်းသူများ၊ ပံ့ပိုးသူများ စုစုပေါင်း(၄၀၁)ဦးဖြင့် ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)