ကျွန်းလှ အောက်တိုဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆောင်းမြေပဲသီးနှံ ကျောက်မှုန့်မြေဩဇာ (ဂျစ်ပဆန်) ထည့်သွင်းစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီက ရှမ်းစုကျေးရွာ၊ ကွင်းအမှတ် (၄၉၆)၊ တောင်သူ ဦးဖိုးချွန်၏ ယာမြေ ၅ ဧက၌ ကျင်းပသည်။
“မြေပဲစိုက်ခင်းများ ကျောက်မှုန့်မြေဩဇာ (ဂျစ်ပဆန်) ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ဆိုဒီယမ်ကို ဖယ်ထုတ်ပြီး သီးနှံအထွက်နှုန်းကောင်းမွန်ခြင်း၊ မြေပဲအတောင့်ကြီးထွားခြင်း၊ အဆံပြည့်တင်းခြင်း၊ တီထွက်နှုန်းကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက တောင်သူများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ မြေပဲစိုက်တောက်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့် ကိုက်ညီသည့် မျိုးကောင်းမျိုးသန့်ရွေးချယ် စိုက်ပျိုးရေး၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေး၊ ပိုးနှင်ဆေး ပြုလုပ်သုံးစွဲနည်းနှင့် စိုက်ပျိုးရေးဆိုင်ရာများ အသိပညာပေးလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နေကြာ၊ နှမ်း၊ ပန်းနှမ်း၊ မုံညှင့်စေ့ စုစုပေါင်း ၃၄၈၂၄ ဧက စိုက်ပျိုးရန်လျာထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ