မြိတ်မြို့တွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မြိတ်  အောက်တိုဘာ    ၁၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ ဦးစီးသည့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြိတ်မြို့ မြိတ်တောင်ရပ်ကွက် ဇေယျာသီရိ(၁) ဓမ္မာရုံတွင် ပြုလုပ်သည်။

ဟောပြောပွဲကို ကလေးသူငယ်များဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ မိမိတို့ရပ်ရွာအတွင်းရှိ ကလေးသူငယ်တိုင်းအပေါ်ကျရောက်လာမည့် အန္တရာယ်များကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေပါ သက်ဆိုင်ရာဌာနများမှ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်ကို သိရှိစေရန်နှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည်  မိဘရပ်ရွာ ပြည်သူများအားလုံးတွင် တာဝန်ရှိသည်ကိုသိရှိပြီး ဝိုင်းဝန်းစောင့်ရှောက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

အသိပညာပေးဟောပြောရာတွင် မြိတ်ခရိုင်လူမှုဝန်ထမ်းရုံးမှ ဦးစီးအရာရှိ ဒေါ်သီသီအေးက ကလေးများ၏ အခွင့်အရေးများ၊ ကလေးငယ်များကို ကာကွယ်စောင့်ရှောက်ပေးရမည့်အခြေအနေများ၊ ကလေးသူငယ်ကိစ္စရပ်များကို လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုစနစ်ဖြင့် ဆောင်ရွက်ပေးနေမှုများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး အသိပညာတိုးပွားစေရန် ပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးနေမှုနှင့် ပြည်သူလူထုအနေဖြင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကို ဟောပြောသည်။

ထိုနောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းသိန်းက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ အကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များကို   ဟောပြောခဲ့ပြီး  ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နေမျိုးက ပြည်သူများအား ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာကြသူများအား မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)