ပေါက်ခေါင်းမြို့နယ်၌ မိုးစပါး ကောက်ရင်စပါးများစတင်ရိတ်သိမ်း

ပေါက်ခေါင်း အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးစပါးကောက်ရင်စပါးများကို အောက်တိုဘာလ ဒုတိယပတ်မှစတင်၍ ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။

ပေါက်ခေါင်းမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများမှ ကောင်ရင်စပါးမျိုးအဖြစ်ရတနာတိုး၊ GW-11 ၊‌ မှော်ဘီဆန်းစပါးများကိုအများဆုံးစိုက်ပျိုးလျက်ရှိ‌ကြောင်း တောင်သူများထံမှသိရသည်။  "ကောက်ရင်စပါးအနေနဲ့ ဒီနှစ် ရတနာတိုးနဲ့မှော်ဘီဆန်းစပါးစိုက်ပါတယ်၊ မနေ့ကစရိတ်တာပေါ့ တစ်ဧကကို အစိုတင်း ၉၀ ကျော်ထွက်တယ်၊ ရတနာတိုးနဲ့ GW-11စပါးက အစိုတင်း ၁၀၀ ကို  ကျပ် ၁၆ သိန်း တစ်သောင်းကျော်နှင့် မှော်ဘီဆန်းကတော့ တင်း ၁၀၀ ကို ကျပ် ၁၆ သိန်းနီးပါး ထိဈေးရပါတယ်၊ ကောက်ရင်စပါးမျိုးရိတ်ပြီးရင် မတ်ပဲပြန်စိုက်မယ် ပြီးတော့နွေစပါးစိုက်မယ်၊ စပါးကြီးမျိုးလည်းစိုက်ထားတယ် နောက်လ‌ဆိုရင်ရိတ်လို့ရပါပြီ " ဟု တောင်သူတစ်ဦးက ပြောကြားသည်။ ပေါက်ခေါင်းမြို့နယ်တွင် ယခုနှစ်မိုးစပါး ၄၆၇၅၇ ဧကစိုက်ပျိုးနိုင်ခဲ့သည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှသိရပြီး ရိတ်သိမ်းပြီးလယ်မြေများနှင့်ယာမြေများတွင် ဆောင်းသီးနှံပဲမျိုးစုံ၊နှမ်းနှင့်နေကြာသီးနှံတို့ကို စိုက်ပျိုးရန်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)