ပွင့်ဖြူမြို့နယ် စံပြကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ပထမအကြိမ် ထုတ်ချေး

ပွင့်ဖြူ  အောက်တိုဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းကျေးရွာစီမံကိန်း တိုးချဲ့အကောင်အထည်ဖော် ဆောင်ရွက်သည့် စံပြကျေးရွာ၌ Mobile Financial Payment စနစ်အသုံးပြုပြီး ပထမအကြိမ် စီမံကိန်းချေးငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ကျေးရွာရှိ ရွာလယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း ဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများ၊ ချေးငွေပေးဆပ်ရမည့် အတိုးနှုန်းထားများနှင့် စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး True Money Myanmar Agent မှ တာဝန်ခံကိုယ်စားလှယ် ဦးရဲလှဖြူ က Mobile Financial Payment စနစ်ဖြင့် ချေးငွေများ ထုတ်ချေးရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက True Money Myanmar Agent မှ ဝန်ထမ်းများ၊ စံပြကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် အတူ Mobile Financial Payment စနစ် အသုံးပြုပြီး ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်မည့် အသင်းသား၊ အသင်းသူ ၁၄၇ ဦးကို ငွေကျပ် သိန်း ၃၀၀ အား စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။

အဆိုပါ Mobile Financial Payment စနစ် အသုံးပြုပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေးဆောင်ရွက်ပေးနေမှုကို မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်းနှင့် တာဝန်ရှိသူများက လာရောက်ကွင်းဆင်း ကြည့်ရှုအားပေးပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းချေးငွေများအား အကျိုးရှိရှိ အသုံးချပြီး အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်သွားရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။  

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )