တောင်ငူ၌ အင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များ ပေးအပ်ပွဲကျင်းပ

တောင်ငူ အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင်အတွင်းရှိ အင်းလုပ်ကိုင်သူများ၊ ရေလုပ်ငန်းလုပ်ကိုင်သူများနှင့်တွေ့ဆုံ၍ အင်းလုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာစည်းကမ်းများအား ခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် အသိပညာပေးရှင်းလင်းပြီး အင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များ ပေးအပ်သည်။

၎င်းငါးသားပေါက်များကို ပဲခူးမြို့ငါးသားဖောက်စခန်းမှရရှိပြီး တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်နှင့် ထန်းတပင်မြို့နယ်အတွင်း အင်းလုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်(၁၆)ဦးအား ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဦးမြင့်ဦးက ငါးမြစ်ချင်းငါးသားပေါက်များ ပေးအပ်သည်။

ဆက်လက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ဦးက အင်းလုပ်ငန်း၊ ငါးလုပ်ငန်းလုပ်ကိုင်ကြသူများအား အယ်လ်နီညို ရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်မှုဆိုင်ရာများ၊ ငါးမျိုးသယံဇာတပြုန်းတီးမှုမရှိစေရေး၊ ငါးရိက္ခာဖူလုံမှုရရှိစေရေး၊ ငါးလုပ်ငန်းလုပ်ကိုင်မှုဆိုင်ရာများအား သတ်မှတ်စည်းကမ်းများနှင့်အညီဆောင်ရွက်နိုင်ရေးတို့ကို အသိပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက်