ပန်ဆောင် အောက်တိုဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့ နောင်ယန်းအင်းပတ်လည် ကျေးရွာများရှိ မိုးကောင်းသောက်လယ်မြေများတွင် စိုက်ပျိုးထားသော စပါးခင်းများ အောင်မြင်ဖြစ်ထွန်းသလို ဆောင်းသီးနှံဖြစ်သည့် နှမ်း၊ ဆီမုန့်ညှင်း၊ ဆီနေကြာနှင့် ပဲစိမ်းငုံ သီးနှံများလည်း အောင်မြင်လျက်ရှိပြီး အထွက်နှုန်း ကောင်းမွန်နိုင်ကြောင်း တောင်သူများထံမှ သိရသည်။
ဒီနှစ် ရာသီဥတုမှန်တော့ ဆောင်းသီးနှံတွေကို စောစောစိုက်ရပြီး အပင်တွေ ကြီးထွားသလို အဖူးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ ကျွန်တော်တို့ ကျေးရွာတွေမှာ ကိုယ်ပိုင် ယာမြေတွေသာမက ချောင်းရေကျပြီး မြေနုကျွန်းတွေပေါ်သလို အာလူး၊ နှမ်း၊ တောင်ပေါ် ကြက်သွန်နဲ့ ဟင်းသီးဟင်းရွက်ပင်တွေ စိုက်ကြပါတယ်။ ဒီနှစ်မှာ ယာသီးနှံကလည်းဖြစ်ထွန်း၊ စျေးနှုန်းလည်းကောင်းတော့ တောင်သူတွေ ပင်ပန်းရကျိုးနပ်ကြပါတယ်ဟု ကျေးရွာနေ တောင်သူ ဦးပဲနောင်းက ပြောသည်။
ထို့အပြင် ကျေးရွာများ၏ လယ်ယာလုပ်ငန်းများ၌ ထွန်ယက်ရာတွင် ထွန်စက်များ အသုံးပြုလာကြသောကြောင့် လယ်သီးနှံနှင့် ဆောင်းသီးနှံများ ပို၍ အထွက်တိုးနိုင်မည် ဖြစ်ကြောင်းလည်း တောင်သူများက ပြောကြားသည်။
ဂျာယော်(ပန်ဆောင်)