ပွင့်ဖြူ အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို သက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ရန်အတွက် အပတ်စဉ်(ဗုဒ္ဓဟူးနေ့)တိုင်း မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေး စောင့်ရှောက်ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း အဆိုပါ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
ထိုသို့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့က ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းအဖွဲ့က လာရောက် ဆေးဝါးကုသမှု ခံယူကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို အသက်အပိုင်းအခြားအလိုက် ဖြစ်ပွားတတ်သော ရောဂါလက္ခဏာများအကြောင်းနှင့် ကြိုတင်ကာကွယ်ကုသရမည့် နည်းလမ်းများ၊ သက်ရှည်ကျန်းမာအောင် နေထိုင်စားသောက်ရမည့် နည်းလမ်းများကို အသိပညာပေး ရှင်းလင်းဆွေးနွေး ဟောပြောသည်။
ထို့နောက် မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ဆေးဝါးကုသမှု ခံယူရန် လာရောက်ပြသကြသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ၃၀ ဦးအား သက်ရှည် ကျန်းမာစေရန်အတွက် သွေးချို၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါလက္ခဏာ ရှိ/မရှိ တို့ကို စမ်းသပ်စစ်ဆေးပေးကာ လိုအပ်သော ကျန်းမာရေး ပြုစုကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ယခုကဲ့သို့ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို သက်ရှည်ကျန်းမာစေရန်နှင့် ကျန်းမာရေးနှင့် ညီညွှတ်မျှတစွာ နေထိုင်သွားနိုင်ရေးအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက် ကုသပေးခြင်းလုပ်ငန်းကို အပတ်စဉ် (ဗုဒ္ဓဟူးနေ့)တိုင်း ကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများကို သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှု ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် တိုက်ဖျက်နိုင်ရေးအတွက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး( HPV ) ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်လုံးကျွတ် ထိုးနှံ ပြီးစီးရေးအတွက် ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲ၍ နေ့စဉ် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်ထံက သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)