ကြို့ပင်ကောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ကြို့ပင်ကောက် အောက်တိုဘာ ၁၉

ပဲခူးတိုင်းဒေသကြီးသာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့နှင့်ပူးပေါင်းပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)၏ အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်အား စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ဝင်းလေးက စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်စာပေချစ်သူများအသင်း(Book Club)အဖွဲ့ဝင်ဦးဗလက အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်မှ စာရေးသူ၏အမှာစာအား ဖတ်ကြား၍ မြို့နယ်စာပေချစ်သူများအသင်း (Book Club)အဖွဲ့ဝင် ဒေါ်ပြုံးပြုံးဝင်းက လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်သောအရာများ ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဖတ်ကြားဆွေးနွေးခဲ့ကြရာ စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် မြို့နယ်စာပေချစ်သူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်ရီရီရှိန်နှင့် ဦးတင်အောင်တို့က စာရေးသူ၏ရည်ရွယ်ချက်ဖြစ်သော မိဘတိုင်းက ဆရာဆရာမများနှင့်ပူးပေါင်းကာ မိမိတို့၏သားသမီးများအား ပညာရည်မြင့်မားရေးအတွက် အဖက်ဖက်မှအားထည့်၍ ဝိုင်းဝန်းအသိပညာပေးဆောင်ရွက်မှသာ တိုင်းပြည်မှအားထားရသော အနာဂတ်သားကောင်းရတနာလေးများ ပေါ်ထွက်လာစေလိုသော အချက်အလက်များအား  ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

ကြို့ပင်ကောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လစဉ်စာဖတ်ဝိုင်းများ ဆွေးနွေးပွဲစကားဝိုင်းများကျင်းပ၍ လူငယ်လူရွယ်များပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာ အသုံးပြုလာတတ်စေရန် အသိပညာဗဟုသုတ ပြန့်ပွားစေရန်နှင့် စာပေဖတ်ရှုမျှဝေဆွေးနွေးခြင်းဖြင့် စာဖတ်လိုစိတ်များတိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းများကျင်းပဆောင်ရွက်ရခြင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)