လက်ပံတန်း အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံ ပန်းတိုင်အထွက်နှုန်းပြည့်မီရေးနှင့် သုံးသီးစိုက်ဧကများ လျာထားဧကပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက သိုက်ဝါးချောင်း ကျေးရွာအုပ်စု၊ ရင်းတိုက်မျှောင်ကျေးရွာတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းအောင်က ကျေးရွာတောင်သူများနှင့်တွေ့ဆုံ၍ မြေပဲစိုက်ပျိုးရာတွင် အထွက်ကောင်း ဗီယက်နမ်မြေပဲမျိုးအားလည်းကောင်း၊ ပဲတီစိမ်းနှင့် မတ်ပဲသီးနှံများအတွက် TBL-9 ၊ ရေဆင်းအထွက်ကောင်းမျိုးများကို အသုံးပြုစိုက်ပျိုးရန်နှင့် နည်းပညာဆိုင်ရာများအတွက် အခက်အခဲများ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီဝင်များဖြစ်ကြသည့် သက်ဆိုင်ရာမြို့နယ်အဆင့် ဌာနဆိုင်ရာများက သီးနှံအလိုက် စိုက်နည်းစနစ်များကို အသိပညာပေးဆွေးနွေးကြပြီး တက်ရောက်လာသည့် တောင်သူများမှလည်း သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဆောင်းသီးနှံ မြေပဲ ၄၃၅၇ ဧက၊ မတ်ပဲ ၉၉၁၃၂ ဧက နှင့်ပဲတီစိမ်း ၁၅၆၂၉ ဧက စိုက်ပျိုးရန်လျာထားပြီး ပန်းတိုင်အထွက်နှုန်းပြည့်မီရေး နည်းပညာ သွင်းအားစုများ ထောက်ပံ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)