ပုသိမ်မြို့တွင် အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ပုသိမ် အောက်တိုဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အဲယားကွန်းတပ်ဆင်ပြုပြင်ခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးနိုင်က မိမိတို့နိုင်ငံတွင် လိုအပ်နေသည့် ကျွမ်းကျင်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်နှင့် လူငယ်လူရွယ်တွေအတွက် သင့်တော်ကောင်းမွန်သည့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ ကျွမ်းကျင်မှုအတတ်ပညာကို စနစ်တကျလေ့လာသင်ယူခွင့်မရဘဲ လုပ်ငန်းခွင်အသီးသီးတွင် ၀င်ရောက်လုပ်ကိုင်နေကြသည့် ဝင်ငွေနည်းပါးသော လူငယ်အလုပ်သမားများအတွက် အသက်မွေး၀မ်းကျောင်း အတတ်ပညာသင်ယူမှု အခွင့်အလမ်းများ တိုးတက်ရရှိစေပြီး ၀င်ငွေတိုးတက်ရရှိစေဖို့ ရည်ရွယ်သင်ကြားပေးခဲ့ခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးကသင်တန်းတွင် စနစ်တကျသင်ကြားပေးခဲ့သည့် အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ လုပ်ငန်းခွင်ဝင်ရောက်လုပ် ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည်အထိ ဆက်လက်ကြိုးစားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများနှင့် သင်တန်းသားများ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)