မုံရွာမြို့ ပြည်သူ့စာကြညိ့တိုက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲ ပြုလုပ်

မုံရွာ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင်  စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ပြပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့် စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားပြီး ဘဝတိုးတက်အောင်မြင်မှု ရရှိလာနိုင်ပုံများ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအပြင် တက္ကသိုလ်ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် စာပေ ဖတ်ရှုလေ့လာပေးကြဖို့ လိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းအားဖြင့် ဗဟုသုတများစွာရရှိပြီး အမှား၊ အမှန် ဝေဖန်ပိုင်းခြားနိုင်သည့် ဉာဏ်ပညာများလည်း ပိုမိုရရှိလာကြမှာဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ/ရသ စာအုပ်၊ စာစောင်များကို အခမဲ့ငှားရမ်းပေးနေသည့်အတွက် လာရောက်ငှားရမ်း ဖတ်ရှုကြပါလို့ ဖိတ်ခေါ်လိုကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြပွဲသို့ တက်ရောက်လာကြသော မုံရွာတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်ကျင်းပြသထားသော စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ဓါတ်ပုံပြဘုတ်များအား ကြည့်ရှု့အားပေးခဲ့ကြောင်းသိရသည်။

မုံရွာခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် သုတ၊ ရသစာအုပ်စာစောင်များကို အခမဲ့ငှါးရမ်းပေးသည့်အပြင် လူငယ်အသိပညာပေး ဟောပြောဆွေးနွေးခြင်းနှင့် အပတ်စဉ် နယ်လှည့်စာကြည့်တိုက် လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းတို့‌ ကြောင့် စာအုပ်ငှားရမ်း ဖတ်ရှုသူများတိုးပွားလျက်ရှိပြီး၊ အသိပညာပေး Talk Show များ၊ ပြပွဲ၊ ပြိုင်ပွဲများကိုလည်း  သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စဥ်ဆက်မပျက် ကျင်းပပြုလုပ်‌ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)