ပွင့်ဖြူ အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့၊ အမှတ်(၄၆)စက်မှုလယ်ယာစခန်းက မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လယ်ယာလုပ်သားရှားပါးမှု အခက်အခဲများ ပြေလျော့သက်သာစေပြီး လယ်ယာသုံးစက်ကိရိယာများ တွင်ကျယ်စွာ စနစ်တကျကိုင်တွယ်အသုံးပြုတတ်စေရန် ရည်ရွယ်၍ အခမဲ့လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုအခြေခံသင်တန်းကို အောက်တိုဘာ ၉ ရက်နေ့ကစပြီး မြို့နယ်စက်မှုလယ်ယာစခန်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးစိုးမင်းထွေးထံမှ သိရသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်သင်ကြားပေးရာတွင် ဌာန၏ ရည်မှန်းချက် လုပ်ငန်းတာဝန်(၆)ရပ်တွင် တစ်ခုအပါအဝင်ဖြစ်သည့် တောင်သူများအား စက်မှုလယ်ယာအသိပညာ အတတ်ပညာများ လေ့ကျင့်ပေးရေး၊ တောင်သူများ၏ လယ်ယာသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုလယ်ယာစနစ် ဖော်ဆောင်မှုလုပ်ငန်းတွင် တောင်သူများ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု ပူးပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရကာ ယင်းသင်တန်းတွင် လယ်ယာသုံးစက်ကိရိယာများ ရေရှည်တံ့ကောင်းမွန်စေရန် စနစ်တကျ လက်တွေ့ကိုင်တွယ်မောင်းနှင်နည်းပညာများနှင့် စက်ချို့ယွင်းပါက ပြုပြင်ဆောင်ရွက်ရမည့် နည်းစနစ်များ ၊ လယ်ယာသုံးစက်ကိရိယာဖြင့် သီးနှံများစိုက်ပျိုးရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို စာတွေ့လက်တွေ့ စနစ်တကျ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးစိုးမင်းထွေး က ပြောသည်။
အဆိုပါ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု အခြေခံသင်တန်းသို့ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူ ၃၀ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး အောက်တိုဘာ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ (၁၂)ရက်ကြာ အခမဲ့ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )