ဟိုင်းကြီးကျွန်း အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ဒေသအတွင်း၌ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့နံနက်ပိုင်းက အုတ်တွင်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာ ကန်သုံးဆင့်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အုတ်တွင်း၊ သက္ကယ်သောင်၊ ဒီးဒူးကုန်းအုပ်စုများမှ ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အုတ်တွင်းကျေးရွာ ကန်သုံးဆင့်ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် အုတ်တွင်း၊ သက္ကယ်သောင်၊ ဒီးဒူးကုန်း အုပ်စုများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ လုံခြုံရေး၊ သန့်ရှင်းရေးစသည့် ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများသည် နိုင်ငံ့စီးပွါးမြင့်တင်ရေး ရန်ပုံငွေမှ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းအတွက် ချေးငွေ ရယူထားသည့် လုပ်ငန်းရှင် ဦးအောင်နိုင်ထွန်း၏ ပုစွန်သဘာဝမွေးမြူရေးကန် ဧရိယာ(၅၀)ဧကကန်နှင့် ဒီးဒူးကုန်းကျေးရွာ ကျောက္ကလပ်ဆေးရုံရှေ့နှင့် ဆေးရုံဝန်းအတွင်း သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) စိုက်ပျိုးထားရှိမှုအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။
ဆက်လက်ပြီး ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ဒေသခံပြည်သူများ၏ တင်ပြချက်များနှင့်ပတ်သက်၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြင်ခရိုင်ကျေးရွာရှိ နိုင်ငံ့စီးပွါး မြင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားသည့် ကြက်မွေးမြူရေးလုပ်ငန်းရှင် ဦးအောင်ကိုထွေး၊ ဒေါ်ခင်သီတာတို့၏ ကြက်မွေးမြူရေးခြံများအား ကြည့်ရှုစစ်ဆေးခြင်း၊ ပြင်ခရိုင်ကျေးရွာ ပြည်သူ့ဆေးရုံရှေ့တွင် မျိုးစေ့ထုတ်ရန် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)(၁)ဧက ကျဲပတ်ခြင်းနှင့်နိုင်ငံ့စီးပွါး မြင့်တင်ရေးရန်ပုံငွေ(၈၆)ဘီလီယံမှ ချေးငွေရယူထားကြသည့် ပြင်ခရိုင်ကျေးရွာမှ ဦးတင်အောင်ဝင်း၏ စပါးခင်းနှင့် ချောင်းဝကျေးရွာရှိ တောင်သူဦးမျိုးမင်းထိုက်၏ စပါးစိုက်ခင်းများအား လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊နယ်မြေခံတပ်ရင်းမှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များက ဒေသအတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
လှိုင်မျိုးအောင်