အထက်မင်းလှ အောက်တိုဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုးရောဂါ၊ သွေးချို၊ ဆီးချိုရောဂါ၊ နှလုံးရောဂါများအား အခမဲ့စစ်ဆေးပေးခြင်း၊ ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစစ်ဆေးရန် လာရောက်သည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမို လက်ထောက်ဆရာဝန် ဒေါက်တာအောင်ကျော်သူနှင့် သူနာပြုဆရာမများက သွေးပေါင်ချိန်တိုင်ပေးခြင်း၊ သွေးချို၊ ဆီးချိုရောဂါစစ်ဆေးပေးခြင်း၊ ECGစစ်ဆေးခြင်းများ ဆောင်ရွက်ပေးပြီး လိုအပ်သည့်ဆေးဝါးများကို အခမဲ့စီစဥ်ဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ ရေနံမတိုက်နယ်ဆေးရုံ၊ လင်းကယ်တိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေးစစ်ဆေးသည့် အငြိမ်းစားဝန်ထမ်း (၄၂)ဦးရှိရာ သွေးတိုးရောဂါတွေ့ရှိသူ (၂၄)ဦး၊ သွေးချို၊ ဆီးချိုရောဂါတွေ့ရှိသူ (၁၀)ဦး၊ နှလုံးရောဂါတွေ့ရှိသူ (၁၂)ဦးအား အခမဲ့ဆေးကုသပေးခြင်းနှင့်စားဆေးများ ဆောင်ရွက်ပေးခဲ့သည်။ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသဆောင်ရွက်ပေးခြင်းကို အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းတွင် မင်းလှမြို့နယ် ပြည်သူ့ဆေးရုံ ရေနံမတိုက်နယ်ဆေးရုံနှင့် လင်းကယ်တိုက်နယ်ဆေးရုံတို့တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)