တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ်     အောက်တိုဘာ  ၁၉

တနင်္သာရီတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်းတီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအရ ထားဝယ်မြို့နယ်၊ ရောင်းမော်ကျေးရွာနှင့် အလယ်ကုန်းကျေးရွာများမှ ထူးချွန်သင်တန်းသား (၅)ဦးစီအား ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲ အခမ်းအနား ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးခင်ကျော်က တိုင်းဒေသကြီးသည် သဘာဝသယံဇာတပေါကြွယ်သော တိုင်းဖြစ်ပါကြောင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရန်အတွက် ဒေသထွက်ကုန်ကုန်ကြမ်းပစ္စည်းများ ရာသီအလိုက် သစ်သီးဝလံများ ထွက်ရှိရာဒေသဖြစ်ပါကြောင်း၊ ဒေသထွက်ကုန်ကြမ်း ပစ္စည်းများအား နည်းပညာများဖြင့် ပေါင်းစပ်၍ ထုတ်ကုန်ကုန်ချောများထုတ်လုပ်မည်ဆိုပါက ဒေသအတွင်းလုပ်ငန်း ရှင်များပေါ်ထွက်လာပြီးဝင်ငွေများတိုးတက်ရရှိလာနိုင်ကြောင်း၊ ဒေသခံပြည်သူလူထုများအတွက် သွင်းကုန်အစားထိုးခြင်း၊ ဈေးနှုန်းသက်သာစွာထုတ်လုပ်ရောင်းချနိုင်ခြင်း၊ မိသားစုဝင်ငွေတိုးပွားစေကာ လူမှုစီးပွားဘဝတိုးတက်မြင့်မားရုံသာမက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများကိုပါ ထောက်ပံ့ပေးနိုင်ခြင်းစသော အကျိုးကျေးဇူးများ ရရှိမှာဖြစ်ပြီး ထောက်ပံ့ပေးသောပစ္စည်းများနှင့် သင်ကြားပေးထားသော နည်းပညာများကို အသုံးချ၍ အသေးစားလုပ်ငန်းရှင်များ ဖြစ်ပေါ်လာအောင် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးမှူး ဦးမျိုးမြင့်နိုင်က စီမံကိန်းလုပ်ငန်းဆိုင်ရာများအား ရှင်းလင်းပြောကြားပြီး ရောင်းမော်ကျေးရွာနှင့် အလယ်ကုန်းကျေးရွာများမှ ထူးချွန်သင်တန်းသား(၅)ဦးစီအား ဆောင်ရွက်မည့် လုပ်ငန်းအမျိုးအစားအလိုက် ကျပ်(၁၀)သိန်းစီ တန်ဖိုးရှိပစ္စည်းများအားပေးအပ်ကာကျေးရွာများမှ ကိုယ်စားလှယ်(၁)ဦးစီက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)