ခန္တီးမြို့နယ်၌ နာဂဒေသအတွက် ပြန်လည်ဖြန့်ဖြူးရန် စိုက်ပျိုးထားသော ယာစပါးမျိုးသန့်မျိုးပွား စံပြကွက်များတွင် စံကွက်ရိတ်သိမ်း

ခန္တီး အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ခန္တီးခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးတို့မှ ဝန်ထမ်းများနှင့် မိတ်ဖက်ဌာနဖြစ်သည့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ ပေါင်းစပ်၍ ခန္တီးမြို့နယ်၊ ပေါမိုင်းရပ်၊ တောင်သူ ဒေါ်စိန်လှနွယ်၏ ကွင်းအမှတ်(၄) ဦးပိုင် (၃၄) စိုက်ကွင်းနှင့် တောင်သူဦးကျော်မင်း၏ ကွင်းအမှတ်(၄)ဦးပိုင်(၁၄)စိုက်ကွင်းများ၌ နာဂဒေသ အတွက် ပြန်လည်ဖြန့်ဖြူးရန် စိုက်ပျိုးထား သော ယာစပါးမျိုးသန့်မျိုးပွား စံပြကွက်များတွင် စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

အဆိုပါ မျိုးပွားစိုက်ပျိုးထားသော ယာစပါး(ခေါ်ပဲ) မျိုးသန့်မျိုးပွားစံပြကွက်များတွင် ၆.၆' ၆.၆' စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ယာစပါးမျိုးစေ့ခန့်မှန်း (အစို) အထွက်အနေဖြင့် (၃၅)တင်းနှင့် (၄၀)တင်း အသီးသီးရရှိခဲ့သည်။ ထို့နောက် ၂၀၂၃-၂၀၂၄ စိုက်ပျိုး ရာသီတွင် ခန္တီးမြို့နယ်အတွင်း၌ နာဂဒေသသို့ဖြန့်ဖြူးရန် တောင်ယာစပါးမျိုး(၄)မျိုးအား မျိုးသန့် မျိုးပွားစံပြကွက် (၁၀)ဧကဖြင့် မျိုးပွားစိုက်ပျိုး ထားရာ ကျန်ယာစပါးမျိုးများကိုလဲ စံကွက်များ ဆက်လက်ရိတ်သိမ်းသွားမည်ဖြစ်ပြီး အဆိုပါထွက်ရှိလာသော ယာစပါးမျိုးစေ့များကို လာမည့် စိုက်ပျိုးရာသီ၌ နာဂဒေသစားရေရိက္ခာဖူလုံးအတွက် ပြန်လည်စိုက်ပျိုးရန် ဖြန့်ဖြူးရောင်းချသွားမည်ဟု စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အေးခိုင်(ပြန်/ဆက်)