၂ဝ၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်မြို့၌ကျင်းပ

လွိုင်ကော် အောက်တိုဘာ ၁၈

၂ဝ၂၃ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို ပြည်နယ်အတွင်း ထိခိုက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် သဘာဝဘေးဖြစ်စဉ်များအပေါ် အားနည်းချက်၊ အားသာချက်များအား သင်ခန်းစာဖော်ထုတ်ပြီး ပြည်သူလူထုမှ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်နှင့် ဘေးအန္တရာယ်လျော့ပါးစေရေး လိုက်နာလုပ်ဆောင်တတ်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်နယ်အတွင်း၌ ပြည်နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီများ အဆင့်အဆင့်ဖွဲ့စည်းပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအောက်တိုဘာလအတွင်း လွိုင်ကော်မြို့ရှိ ဘီလူးချောင်းရေ မြင့်တက်လာခဲ့ပြီး လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ရေဝင်ရောက်မှုများကြောင့် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး အချိန်နှင့်တစ်ပြေးညီ ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင်ရွက်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် လုပ်ငန်းကော်မတီအဆင့်ဆင့်၏ လုပ်ငန်းတာဝန်များကို တိတိကျကျလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း၊ အနာဂတ်တွင် ကြုံတွေ့နိုင်ခြေရှိသည့် ဘေးအန္တရာယ်များကို တုံ့ပြန်နိုင်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စနစ်တကျ ကြိုတင်ပြင်ဆင်ထားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ video message နှင့် IDDRR အထိမ်းအမှတ် ဇာတ်လမ်းဗီဒီယိုများပြသခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ခင်းကျင်းပြသထားသည့်  အထိမ်းအမှတ်ပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကိုဇင်