ကရင်ပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် ဧပြီလမှစက်တင်ဘာလထိ သဘာဝဘေး ၂၁ ကြိမ်ဖြစ်ပွားခဲ့

ဘားအံ အောက်တိုဘာ ၁၈

ကရင်ပြည်နယ်အတွင်း သဘာဝဘေးဖြစ်ပွားမှုများအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၆)လပတ်အတွင်း မီးဘေး(၅)ကြိမ်၊ လေပြင်းဘေး(၆)ကြိမ်၊ မိုးကြိုးဘေး(၃)ကြိမ်၊ မြေပြိုဘေး (၁) ကြိမ်၊ ကမ်းပြိုဘေး(၆)ကြိမ် ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု(၉၈)စု၊ လူဦးရေ (၄၃၂)ဦး ဘေးသင့်ခဲ့ကာ လူ (၄)ဦးသေဆုံးခဲ့ကြောင်း  ယနေ့နံနက် ၉ နာရီအချိန်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှ သိရသည်။

 “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့”ဆောင်ပုဒ်ဖြင့် အဆိုပါအခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များ ဖြစ်သည့် ဘေးမဖြစ်မီကြိုတင်ကာကွယ် ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ၊ ဘေးဖြစ်ပွားနေစဉ် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ဘေးဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် ဇူလိုင်လနှင့်ဩဂုတ်လများတွင် မိုးသည်း ထန်စွာရွာသွန်းပြီး မြစ်ရေလျှံတက်မှုကြောင့် သံတောင်ကြီးမြို့နယ်မှအပ ကျန်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၂၉၉၀ စု၊ လူဦးရေ ၁၃၅၀၇ ဦးအား ကယ်ဆယ်ရေး စခန်းပေါင်း(၄၇)ခုဖွင့်လှစ်၍ ယာယီရွှေ့ပြောင်းနေရာချထားပေးခဲ့ရကာ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ စုစုပေါင်းငွေကျပ် ၁၀၃ ဒဿမ ၀၇၁ သန်းတန်ဖိုးရှိ ဆန်ရိက္ခာဖိုးငွေ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းသည် တစ်ဦးတစ်ယောက်တည်း၊ ဌာနတစ်ခုတည်းဖြင့် ဆောင်ရွက်၍ရသည့်လုပ်ငန်းမဟုတ်ဘဲ ဘက်စုံ၊ ကဏ္ဍစုံဖြင့် အားလုံးပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူမှုအသိုင်းအဝန်းတစ်ခုဖြစ်ပေါ်လာစေရန် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့နည်းသက်သာစေမည့် ပြည်နယ်တစ်ခုဖြစ်လာစေရေး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုတစ်ဦး တစ်ယောက်ချင်းစီက တာဝန်အသိစိတ်ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားအတွက် ကုလသမဂ္ဂဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဌာနအကြီးအကဲမှ ပေးပို့လာသော သဝဏ်လွှာသတင်းစကား ရုပ်သံ Video၊ မညီမျှခြင်းမှ သည် ညီမျှခြင်းဆီသို့စင်တင်ပြဇာတ်တို ရုပ်သံ Video၊ မိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းတင် Video တို့ကို ပြသကြည့်ရှုခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အထက်တန်းနှင့်အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကားများပြောကြား၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် လူမှုကယ်ဆယ်ရေအဖွဲ့တို့မှ ခင်းကျင်းပြသထားသော အသိပညာပေးဟောပြောမှု၊ သဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်မှု၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှု၊ ဘေးဖြစ်ပွားမှုနှင့်ထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံများ၊ ဆုရစာစီစာကုံး လက်ရာများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)