အုတ်ဖို အောက်တိုဘာ ၂၁
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အောက်တိုဘာလ ၂၀ ရက်နေ့က ကြိုတင်ဆန္ဒမဲပုံးများအားစစ်ဆေး၍ လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်း ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ စေစပ်ညှိနှိုင်းရေး ကော်မတီဝင် များ တက်ရောက်ခဲ့ကြောင်း သိရသည်။
စစ်ဆေးဆောင်ရွက်ရာတွင် မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဝင်းက ကြိုတင်မဲ များရောက်ရှိလာပါက စနစ်တကျထားရှိဆောင်ရွက်ရမည့် အချက်အလက်များနှင့် ရောက်ရှိလာသည့် ကြိုတင်မဲလက်မှတ်အိတ်များအား ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ နှင့်အညီ လက်ခံထိန်းသိမ်း သွားမည်ဖြစ်ကြောင်းပြောကြားသည်။
ယင်းနောက် မဲပုံးများကို ကော်မရှင်အဖွဲ့ခွဲမှတာဝန်ရှိသူများက နိုင်ငံရေးပါတီကိုယ်စားလှယ်များ ၏ ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်းသိရသည်။
အောင်သူ(အုတ်ဖို)