ထားဝယ် အောက်တိုဘာ ၁၈
ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့ ဟူသော ဆောင်ပုဒ်နှင့်အညီ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နှစ်စဉ်အောက်တိုဘာလ ဒုတိယအပတ်၏နေ့တစ်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction -IDDRR) အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီးတွင် ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် (၉)ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် သဘာဝဘေးအန္တရာယ်များ ကျရောက်သည့်အချိန်တွင် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းနိုင်သမျှ လျော့နည်းသက်သာစေရေး ကြိုတင်စီမံ ဆောင်ရွက်လျက်ရှိရာမှာ ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့်ချိတ်ဆက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘေးမဖြစ်ပွားမီကပင် လိုအပ်သော ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်လျက်ရှိပြီး ဘေးဖြစ်ပွားပါကလည်းလိုအပ်သည့် အရေးပေါ် တုံ့ပြန်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ၏လူမှုစီးပွားဘဝ တိုးတက် မြင့်မားစေရေးအတွက် ယခုနှစ်ဆောင်ပုဒ်ဖြစ်တဲ့ Fighting Inequality for A Resilient Future ဘေးဒဏ်ကြံ့ကြံ့ခိုင်နိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့ ဆိုတဲ့ဆောင်ပုဒ်အတိုင်း ပြည်သူများအတွက် ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်တုံပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းတခု ဖြစ်ပေါ်စေရေးနှင့် ပြည်သူလူထုများကြား ရင်ဆိုင်ကြုံတွေ့နေသော ကဏ္ဍအလိုက်မညီမျှမှုများကို တိုက်ဖျက်နိုင်ရန်အတွက် လူတစ်ဦးတစ်ယောက်ချင်းစီက တာဝန်သိစိတ်ကိုယ်စီဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူးချုပ်၏ ကုလသမဂ္ဂသဝဏ်လွှာ သတင်းစကားရုပ်သံ (Video Message) အားလည်းကောင်း၊ မိုခါမုန်တိုင်းတုံ့ပြန်ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းတင် ဗီဒီယိုအားလည်းကောင်း၊ မညီမျှခြင်းမှသည် ညီမျှခြင်းဆီသို့ စင်တင်ပြဇာတ်တို့တင်ဆက်နေမှုအားလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက ကြည့်ရှုအားပေးပြီး အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ သရုပ်ဖော်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား ဆုချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ်ဓာတ်ပုံပြခန်းအား လှည့်လည်၍ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)