စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေး ကျင်းပ

စေတုတ္တရာ အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရေးနှင့် ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က ဒေသဖွံ့ဖြိုးရေးနှင့်စီမံကိန်းလုပ်ငန်အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ဌာနဆိုင်ရာရုံးများ၊ ရုံးဥပဓိရုပ်နှင့် ရုံးတွင်း၊ ရုံးပြင်သန့်ရှင်းသပ်ရပ်ရေး အလေးထားဆောင်ရွက်ပေးရန်၊ အပတ်စဉ် မြို့နယ်အဆင့်ဌာနဆိုင်ရာ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုနှင့် မြို့နယ်သန့်ရှင်း‌သာယာလှပရေးစုပေါင်းသန့်ရှင်းရေးတွင် ပူးပေါင်းပါဝင်ကြရန်၊ တိုင်းဒေသကြီးအစိုးရလမ်းညွန်မှု၊ တိုင်းကျန်းမာရေး၏စီစဉ်မှုဖြင့် မြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးနှင့် ဆေးပစ္စည်းများ ထောက်ပံ့ပေးမည်လူ(၅)မျိုးနှင့်ပက်သက်၍ ရှင်းလင်းဆွေးနွေးပေးခြင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ဆောင်ရွက်သည့်လုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဘဏ္ဍနှစ်အတွင်း ပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)က သီတင်းကျွတ်ပွဲတော် မကြာခင်ရောက်ရှိလာမည်ဖြစ်ရာ လုံခြုံရေးအရ ဧည့်စာရင်းများ စိစစ်စစ်ဆေးထားရှိနေရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများက မိမိတို့ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးကြပြီး တာဝန်ရှိသူများက ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)