ဘားအံ အောက်တိုဘာ ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ(၂)နာရီခန့်က ဘားအံမြို့နယ်၊ ဒုံးရင်းအခြေခံပညာအထက်တန်းကျောင်းတွင် တွဲဘက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံရင်းအခြေခံပညာအထက်တန်းကျောင်းတွင် တွဲဘက်ဖွင့်လှစ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၏ စာသင်ခန်း၊ စာသင်ဆောင်၊ စားဖိုဆောင်၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်၊ သင်ထောက်ကူပစ္စည်း၊ ပရိဘောဂများနှင့် ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိ/မရှိ လှည့်လည် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ကျောင်းသား၊ကျောင်းသူများနှင့် တွေ့ဆုံရာ ပညာသင်ကြားရေး၊ နေထိုင် စားသောက်ရေးမှအစ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီး အဆင်ပြေခြင်းရှိ/မရှိ လာရောက်ကြည့်ရှုအားပေးခြင်းဖြစ်ကြောင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျောင်းသန့်ရှင်းရေးနှင့်ကျန်းမာရေးကို အထူးဂရုပြု အလေးထားကြစေလိုပြီး စိုက်ပျိုးမွေးမြူရေးပညာရှင်များအဖြစ် ရည်မှန်းချက် ပေါက်မြောက်အောင်မြင်ရန် ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း၊ မည်သည့်နေရာတွင်မဆို ကြိုးစားသူများအတွက်သာနေရာရှိပြီး ပြည်နယ်အကျိုး၊ နိုင်ငံတော်အကျိုးကို ရွက်သယ်ပိုးနိုင်သော ထူးချွန်သည့် စိုက်ပျိုးမွေးမြူရေး ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း အားပေးစကား ပြောကြားသည်။
ဒုံရင်းစိုက်ပျိုးမွေးမြူရေး တွဲဘက်အထက်တန်းကျောင်းတွင် စိုက်ပျိုးရေးဘာသာရပ်၌ ကျောင်းသား/ကျောင်း သူ ၃၀ ဦး၊ မွေးမြူရေးဘာသာရပ်၌ ကျောင်းသား၊ကျောင်းသူ ၂၈ ဦး စုစုပေါင်း ၅၈ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိပြီး ကျောင်းသား၊ကျောင်းသူ၊ဆရာ၊ဆရာမများက ကြုံတွေ့ရသည့်အခြေအနေများ၊ လိုအပ်သည်များအားတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဒုံရင်းစိုက်ပျိုးမွေးမြူရေး တွဲဘက်အထက်တန်းကျောင်းတွင် လင်းသူအောင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သော (၁၁၄ပေ x ၃၂ပေ) RC ၂ ထပ် စာသင်ဆောင်တည်ဆောက်ရေးလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၈)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် သစ္စာတိုင်တည်ဓူဝေစေတီတော် ပရိဝုဏ်အတွင်း ဒုံရင်းတိုက်နယ်ယဉ်ကျေးမှု လူငယ်မောင်မယ် စုပေါင်းဒုံးအဖွဲ့၏ အကတိုက်လေ့ကျင့်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုထောက်ပံငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)