ရှမ်းရွာသစ် အောက်တိုဘာ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးရွာအုပ်စုများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထား သော ဒေသခေါ်တောင်ယာငရုပ်သီးများ ပေါ်ဦးပေါ်ဖျားပေါ်ချိန်ဖြစ်၍ ယခုနှစ်တွင် အသီးအထွက်နှုန်း လည်းကောင်းကာ ဈေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေတိုးကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တောင်ယာငရုပ်သီးပင်များကို မိမိတို့၏ တောတောင်ခြံမြေများနှင့် တောင်ယာများတွင် မျိုးစေ့များကြဲပက်သည့် စနစ်ဖြင့်လည်းကောင်း၊ အပင်ပေါက်များပျိုးထောင်၍ သော်လည်းကောင်း အဓိကထား တစ်ပိုင်တစ်နိုင်စိုက်ပျိုးကြကြောင်း၊ မြေအမျိုးအစားမရွေးဖြစ်ထွန်းပြီး စိုက်ပျိုး၍ရကြောင်း၊ ရင့်မှည့်ပြီးချိန်တွင် အသီးများခူးဆွတ်၍ မိသားစုစားသောက်ရန်ဖယ်ပြီး ပိုလျှံသည့် ငရုပ်သီးများကို ဒေသတွင်း ဈေးဆိုင်များတွင် ပြန်လည်ရောင်းချကြောင်း၊ ယခင်နှစ်တွင် တောင်ယာငရုပ်သီး တစ်ပြည် လျှင် ငွေကျပ် (၂၀၀၀)ကျပ်သာရရှိပြီး ယခုနှစ်တွင် တစ်ကီလို (၄၀၀၀)ကျပ်ဖြင့်ရောင်းချရသဖြင့် ယခင်နှစ်ထက် ဈေးကောင်းရရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉)အုပ်စုရှိပြီး ဒေသနေပြည်သူအများစုသည် လယ်ယာလုပ်ငန်းနှင့်တွဲဖက်ကာ တောင်ယာငရုပ်စိုက်ပျိုးသည့်လုပ်ငန်းကို နှစ်စဉ်လုပ်ကိုင် စိုက်ပျိုးကြကြောင်း၊ တောင်ယာငရုပ်သီးသည် သဘာဝအော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးထားသည့် အတွက် ဒေသနေပြည် သူများအများဆုံးနှစ်သက်ကြပြီး ထမင်းဝိုင်းတွင်မပါမဖြစ်စားသုံးကြကြောင်း၊ ထမင်းလည်းမြိန်ကာ တောင်ယာငရုပ်သီးကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်စားသောက်ကြကြောင်း၊ လူကြိုက်များသည့် မီးဖိုချောင်သုံးသီး နှံဖြစ်ကာ ဈေးကောင်းလည်းရရှိသဖြင့် နှစ်စဉ်ဒေသနေ ပြည်သူများ ပုံမှန်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)