ပဲခူး အောက်တိုဘာ ၁၈
ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး၊ ပညာ့မဏ္ဍိုင်အစည်းအဝေးခန်းမ၌ အောက်တိုဘာလ (၁၈)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်/ မြို့နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးဦးစိုးလွင်က အခြေခံပညာဦးစီးဌာန၊ နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ယခုပညာသင်နှစ်အတွင်း အလေးထားဆောင်ရွက်ကြရမည့် လုပ်ငန်းလမ်းညွှန်ချက်များအား ပြန်လည်ရှင်းလင်းပြောကြားခြင်းနှင့် ယနေ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်ဆွေးနွေးချက်များကိုလည်း တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်ပညာရေးမှူးများအနေဖြင့် ကဏ္ဍတစ်ခုချင်းစီမှာ အသေးစိတ်သေချာမှတ်သားပြီး ဆောင်ရွက်ကြဖို့၊ အရာရာကိုမပေါ့မဆ စနစ်တကျဆောင်ရွက်ကြဖို့လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဦးဌေးဝင်းအောင်က စီမံရေးရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး (ဘဏ္ဍာ) ဒေါ်မြင့်မြင့်သန်းက ဘဏ္ဍာရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး (ပညာ)ဦးခင်အောင်ရီက ပညာရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး (စီမံကိန်းများကြီးကြပ်အကဲဖြတ်) ဦးထွန်းညိုက စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ခြင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး(ကွန်ပျူတာ/စာရင်းအင်း)ဦးကျော်ဌေးက စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း ဌာနခွဲအလိုက်လုပ်ငန်းစဥ်များအား အသီးသီးဆွေးနွေးတင်ပြကြပြီး ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများက စီမံရေးရာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ ဘဏ္ဍာရေးရာနှင့် တည်ဆောက်ရေးလုပ်ငန်းကိစ္စရပ်များ၊ ပညာရေးဌာနခွဲမှ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ B.Ed စာပေးစာယူကိစ္စရပ်များ၊ စက်၊ စိုက်၊ မွေးအထက်တန်းကျောင်းကိစ္စရပ်များနှင့် TA. LT လစာကိစ္စများ၊ ပြပွဲပြိုင်ပွဲနှင့် ကျောင်းသားအားကစားပွဲတော် ကျင်းပရေးကိစ္စရပ်များ၊ စီမံကိန်းများ ကြီးကြပ်အကဲဖြတ်ဌာနဆိုင်ရာလုပ်ငန်းများ၊ စာမေးပွဲကိစ္စရပ်များ၊ ကွန်ပျူတာ၊ စာရင်းအင်းဆိုင်ရာကိစ္စရပ်များ၊ စာရင်းဇယားများ မှန်ကန်ရေးကိစ္စရပ်များနှင့် နိုင်ငံခြားပညာသင်ကိစ္စရပ်များ စသည့်အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးဦးစိုးလွင်က ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပြီး ပညာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသ၍ ဒီနေ့အစည်းအဝေးတွင်ချပြသည့် လုပ်ငန်းများက မှီငြမ်းဆောင်ရွက်ရမည့် လုပ်ငန်းများဖြစ်လို့ ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် လမ်းညွှန်ချက်များနှင့်အညီ ကြိုးစားလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)