ထားဝယ် အောက်တိုဘာ ၁၇
အစားအစာထုတ်လုပ်ခြင်းနှင့်လက်ကား၊ လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်ပြင်ဆင် ခြင်းကဏ္ဍများရှိ ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃) အစီရင်ခံစာ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်က လူငယ်များနှင့်ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သော အရင်းအမြစ်များဖြစ်ကြောင်း၊ ၎င်းတို့ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ ၏အနာဂတ်ပုံရိပ်ကို ထင်ဟပ်စေကြောင်း၊ ကလေးလုပ်သားပပျောက်ရေးသည် မျက်မှောက်ခေတ် Global Issue တစ်ခုဖြစ်ပြီး နိုင်ငံအတွက်ကြီးမားသော စိန်ခေါ်မှုဖြစ်သလို အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီ (၈) ခုကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းကာသက်ဆိုင်ရာလုပ်ငန်း ကော်မတီများ အလိုက်လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးလုပ်သား စစ်တမ်း (၂၀၂၂-၂၀၂၃) တွေ့ရှိချက်များ အစားအစာထုတ်လုပ်ခြင်းကဏ္ဍနှင့် လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများရှိ ကလေးလုပ်သားများ၏ အခြေအနေများကိုကောင်းစွာ သိမြင်နိုင်မှာဖြစ်ပြီး မူဝါဒဖော်ဆောင်သူများနှင့် ဆုံးဖြတ်ချက် ချမှတ်သူများအတွက် ကလေးလုပ်သားပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အထောက်အကူပြုနိုင်မယ်ဟု မျှော်လင့်ပါကြောင်းနှင့် လိုအပ်သည်များကိုအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်ကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဥမ္မာမြင့်သိန်းက အစားအစာထုတ်လုပ်ခြင်းဏ္ဍနှင့် လက်ကား၊ လက်လီရောင်းဝယ်ရေး၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်ပြင်ဆင်ခြင်း ကဏ္ဍများရှိ ကလေးလုပ်သားအခြေအနေကို သိရှိစေရန်နှင့်ကလေးလုပ်သား လျော့နည်းပပျောက်စေရေးအတွက် အခြေခံ အချက်အလက်များကောက်ယူရန်၊ ကလေးလုပ်သားများ၏ အခွင့်အရေးများကို ထိရောက်စွာကာကွယ်ပေးနိုင်ရန်၊ ကလေးသူငယ်ဆိုင်ရာ မူဝါဒများကိုရေးဆွဲရာတွင် လက်ရှိအခြေအနေများကို ဖော်ပြသောညွှန်းကိန်းများရရှိရန်နှင့် အဆိုပါညွှန်းကိန်းများ အပေါ်လေ့လာဆန်းစစ်မှုများနှင့် မူဝါအထောက်အကူဖြစ်စေမည့်အကြောင်း အရာများကိုရရှိနိုင်ရန်၊ ရရှိလာသော ကလေးလုပ်သားစာရင်းကို စောင့်ကြည့်လေ့လာရန် စသည့်ရည်ရွယ်ချက်ဖြင့် ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ကလေးလုပ်သားစစ်တမ်း (၂၀၂၂-၂၀၂၃) အစီရင်ခံစာအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသော ကော်မတီဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများအား အကြံပြုရှင်းလင်းဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)