မြိတ် အောက်တိုဘာ ၁၈
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများအား မိုးစပါးစိုက်ဧက (၁၅၄၀)အတွက် (၁)ဧကလျှင်(၂)သိန်းနှုန်းနှင့် ညီမျှသော မတည်ငွေ(သွင်းအားစု)ကို ယမန်နေ့ကမြို့နယ်သမဝါယမအသင်းရုံးတွင် မတည်ချေးငှားပေးအပ်ခဲ့သည်။
လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးတက်စေရန်နှင့် (၁)ဧကအထွက်နှုန်းတိုးစေရန်အတွက် သမဝါယမဦးစီးဌာနမှ မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသား တောင်သူများ၏ စိုက်ဧက(၁၅၄၀) အတွက် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ ကျပ်(၃၀၈)သန်းနှင့် ညီမျှသော သွင်းအားစုများကို မတည်ချေးငှား ပေးအပ်ခြင်းဖြစ်သည်။
ပေးအပ်ရာတွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းဆွေက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် (သမဝါယမကဏ္ဍ)ဖြင့် အသင်းသား တောင်သူများအတွက် ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြား၍ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်(၃၀၈)သန်းကို စိုက်ပျိုး ရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်အင်ကြင်းခိုင် က သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးထံ လွဲပြောင်းပေး အပ်သည်။
ထို့နောက် သမဝါယမဦးစီးဌာနမှ အသင်းသား တောင်သူများအား စိုက်ဧက(၁၅၄၀)အတွက် မိုးစပါးစိုက်ပျိုးရေး စီမံကိန်းမြစိမ်းရောင် (သမဝါယမကဏ္ဍ)မှ ကျပ်(၃၀၈)သန်းနှင့်ညီမျှသော သွင်းအားစုများကို တာဝန်ရှိသူများက မတည်ချေးငှား ပေးအပ်ခဲ့ကြပြီး ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေကသွင်းအားစုများကို လယ်ယာလုပ်ငန်းဖွံ့ဖြိုးရေးအတွက် စနစ်တကျအကျိုးရှိရှိ အသုံးပြုဆောင်ရွက်ကြရန်နှင့် (၁)ဧကအထွက်နှုန်း တိုးတက်စေရေး ဆောင်ရွက်ကြရန်ပြောကြားသည်။
မြိတ်မြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများ၏ လယ်ဧက(၃၀၀၀)ဧကအတွက် မြို့နယ်သမဝါယမဦးစီးဌာနမှ စိုက်ဧက(၃၀၀၀)လျာထားဆောင်ရွက်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် (၁၄၆၀)ဧကအတွက် ငွေကျပ် (၂၉၂)သန်းနှင့် ညီမျှသော သွင်းအားစုများကို ယခင်လက မတည်ချေးငှား ပေးအပ်ခဲ့ပြီးဖြစ်ကာ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် (၁၅၄၀)ဧကအတွက် ကျပ်(၃၀၈)သန်းနှင့်ညီမျှသော သွင်းအားစုများကို မတည်ချေးငှား ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)