ကျောင်းကုန်းမြို့၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အခမ်းအနားကျင်းပ

ကျောင်းကုန်း အောက်တိုဘာ ၁၈

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအခမ်းအနားကို ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်က စကောဘာသာစကားနှင့် ပိုးဘာသာစကား နှစ်မျိုးစလုံး နားလည်တတ်ကျွမ်းအောင် လေ့လာသင်ယူကြရန်လိုကြောင်း၊ တိုင်းရင်းသားစာပေ သင်ကြားခြင်းကိုလည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ မြန်မာလူမျိုးများအားလုံး စိတ်ဓာတ်ကောင်း၍ စည်းကမ်းလိုက်နာကြပြီး၊ ပညာပြည့်ဝနှလုံးလှကြစေလိုကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မိတ်ဆက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်မြမာလာစိုးက အမျိုးသမီးများအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေးနှင့် လူမှုရေးဆိုင်ရာဝန် ဆောင်မှုလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံဒုတိယညွှန်ကြားရေးမှူး ဒေါ်စန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်မောင်မောင်က အမုန်းစကားနှင့် လူမျိုးပြုန်းစေမှုတားဆီးရေး အသိပညာပေး ပြောကြားခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာဦး ကပန်ဝန်းကျင်စီမံခန့်ခွဲမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာကိစ္စရပ်များအား အသိပညာပေး ပြောကြားခဲ့သည်။ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးကျော်ဌေးက စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များအား ပြောကြားခဲ့ပြီး၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ လက်ဆောင်ပစ္စည်းများပေးအပ်ကာ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး၊ ရပ်ရွာအခြေပြုအသက်မွေးဝမ်းကျောင်းပညာ စစ်တမ်းများကောက်ယူခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)