စလင်းမြို့နယ်၌ ရောင်စုံမီးပုံးကလေးများနှင့် သီတင်းကျွတ်အခါတော် ဝါကျွတ်မီးပုံးအရုပ်များ ဝယ်ယူသူ များပြားလျက်ရှိ

စလင်း အောက်တိုဘာ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း သီတင်းကျွတ်မီးထွန်းပွဲတော်အတွက် ပြည်တွင်းဖြစ် ရောင်စုံမီးပုံးကလေးများနှင့် ကလေးကစားစရာ မီးထွန်းအရုပ်များ ဝယ်ယူ များပြားလျက်ရှိကြောင်း ရောင်စုံမီးပုံးကလေးများနှင့် ရောင်စုံအရုပ် ထုတ်လုပ်ရောင်းချသူတစ်ဦးထံမှ သိရှိရသည်။

အဆိုပါ ရောင်စုံမီးပုံးများနှင့် ကလေးကစားစရာအရုပ် ရောင်စုံစက္ကူများကို မြန်မာ့လက်မှုအနုပညာတစ်ရပ်အနေဖြင့် ဝါးကိုခွဲ၊ ခြမ်း၊ စိပ်၊ ဖြာ၍ သီတင်းကျွတ် ဝါကျွတ်လက်ဆောင်အဖြစ် ကလေးကစားစရာအရုပ်များ၊ မြတ်စွာဘုရားအား ရည်မှန်းပူဇော်နိုင်ရန် ရောင်စုံမီးပုံးငယ်များပြုလုပ်၍ ယခုနှစ်တွင် အမျိုးအစား(၁၀)မျိုးခန့် သီတင်းကျွတ် ဝါကျွတ်မီးထွန်းပွဲတော်အမှီ ကြိုတင်၍နှစ်လ၊ သုံးလပြုလုပ်ထားရှိကာ၊ မြို့နယ်အတွင်းနှင့် နီးစပ်သည့် စေတုတ္တရာ၊ ဆိပ်ဖြူ၊ ရှောက်တော၊ ပွင့်ဖြူနှင့် ဒေသခံပြည်သူများအား တင်ပို့ရောင်းချလျက်ရှိသည်။ ရောင်စုံမီးထွန်းညှိမီးပုံးများနှင့် ရောင်စုံကလေးကစားစရာ မီးထွန်းအရုပ်များကို စလင်းမြို့ပေါ် ရပ်ကွက်အချို့နှင့် ဆင်ဖြူကျွန်းမြို့မှ ကိုယ်တိုင်ပြုလုပ်သူများမှ စလင်းစည်ပင်သာယာစျေးအနီး ပတ်ဝန်းကျင်နှင့် ပြည်သူ့ပန်းခြံအနောက်ဖက်နှင့် ဗိုလ်ချုပ်လမ်းပန်းခြံရှေ့တို့တွင် ရောင်းချလျက်ရှိသည်။ ယခုနှစ်တွင် ကုန်ကြမ်းများဖြစ်သည့် ဝါးစျေးများ အဆမတန် မြင့်တက်လာ၍ ပုံမှန်စျေးနှုန်းထက် အနည်းငယ် မြင့်တက်ရောင်းချရကြောင်း ယခုရက်ပိုင်းတွင် ပိုမိုရောင်းချရကြောင်းနှင့် မီးထွန်းညှိပူဇော်စရာ၊ အလှချိတ်ဆွဲစရာမီးပုံးများ၊ ကလေးကစားစရာအဖြစ် လေယာဥ်ပျံရုပ် ၃၀၀၀ကျပ်၊ ယုန်ရုပ် ၁၅၀၀ကျပ်၊ ဆင်ရုပ် ၃၀၀၀ကျပ်၊ စက်ရုပ်များနှင့် အချို့အရုပ်များအား အသေးအကြီးအပေါ် မူတည်၍ စျေးနှုန်းသတ်မှတ် ရောင်းချရကြောင်းနှင့် ယခုနှစ်တွင် ပို၍ရောင်းချရမည် ထင်ကြောင်းကို ထုတ်လုပ်ရောင်းချသူ မလွင်မာဦးထံမှ သိရှိရသည်။

မောင်လွင်(စလင်း)